မန္တလေးမြို့ရှိ ရွှေမဟာနွယ် ပရဟိတအသင်းဥက္ကဋ္ဌကို စစ်ကောင်စီ ဖမ်းဆီး
ဧရာဝတီ၊ နိုဝင်ဘာလ ၁၅၊ ၂၀၂၁
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ရွှေမဟာနွယ် ပရဟိတ သွေးလှူရှင်အသင်းနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကို ယနေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီ အဖွဲ့က အရပ်ဝတ်များဖြင့် ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ရွှေမဟာနွယ် ပရဟိတအသင်း ဥက္ကဋ္ဌ မရွှေမဟာနွယ် (ခ) မနွယ်နွယ်ဝင်း ဖြစ်ပြီး အောင်မြေသာစံမြို့နယ်၊၂၅ လမ်းနှင့် အရှေ့မြို့ပတ်လမ်းထောင့်၊ မဟာဇေယျာဘုံအပိုင်း (၂)၊ သရက်ကုန်းကွက်သစ်ရှိ အသင်းရုံးအတွင်း ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု သိရသည်။
“၃ နာရီလောက်က လာဆွဲသွားတာ၊ ပထမ ၄ ယောက် ပါဂျဲရိုကားနဲ့ လာတယ်။ ပြီးတော့ နောက်ထပ် ၄ ယောက် ရောက်လာပြီးတော့ ဓားတွေနဲ့ မင်းတို့ သေချင်ရင် ငါတို့နောက် လိုက်ခဲ့လို့ ဆဲဆို စိန်ခေါ်ပြီး အစ်မကို ခေါ်ချသွားတာ” ဟု ရွှေမဟာနွယ် ပရဟိတအသင်းသားတဦးက ပြောသည်။
ရွှေမဟာနွယ် ပရဟိတအသင်းအနေဖြင့် လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၊ မိဘမဲ့ကျောင်းများအတွက် အဝတ်အထည်များ အလှူခံ၍ လှူဒါန်းပေးနေလျက်ရှိရာ ယနေ့တွင် ကွန်မန်ဒိုအဝတ်အထည်များလည်း လှူဒါန်းနိုင်ကြောင်း Post တင်ခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဟု သိရသည်။

“သိပ်မကြာဘူး ပြန်ရောက်လာပြီးတော့ စစ်ဘေးရှောင်နဲ့ မိဘမဲ့ကျောင်းတွေအတွက် အလှူခံထားတဲ့ အဝတ်ထုတ်တွေကိုလည်း ဖောက်ပြီး ရှာဖွေတာတွေ လုပ်သွားတယ်၊ ကွန်မန်ဒိုအဝတ်အထည်တွေ အလှူခံတဲ့ပို့စ်တင်ထားတဲ့ Screen Shot တွေ ပြပြီး CDM ထောက်ပံ့မှု လုပ်တယ်ဆိုပြီး ဖမ်းသွားတာ” ဟု ရွှေမဟာနွယ် ပရဟိတအသင်းသား တဦးက ပြောသည်။
ဖမ်းဆီးခံရသူ ရွှေမဟာနွယ် ပရဟိတအသင်း ဥက္ကဋ္ဌ အား နန်းတွင်းစစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရှိရပြီး၊ ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများလည်း ရရှိထားကြောင်း သိရသည်။
ရွှေမဟာနွယ် ပရဟိတ သွေးလှူရှင်အသင်းနှင့် မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့သည် သွေးလှူဒါန်းခြင်း၊ လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကိုဗစ်ကပ်ရောဂါကာလတွင်လည်း ကူညီဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သော အသင်းတခုဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup



