ဘုရားအဆူဆူဖူးပြီးတာတောင် ခါးမြဲခါးနေတဲ့
“ကြက်ဟင်းခါးသီး”
အိန္ဒိယနိုင်ငံ မြို့ငယ်လေးတစ်မြို့မှာ ဘာသာရေးဂိုဏ်းဆရာ ဂုရုကြီးတစ်ယောက် ရှိပါတယ်။
သူ့မှာ တပည့်များစွာလည်းရှိပါတယ်မကြာခဏ ဆရာကြီးကို လာတွေ့ပြီးတရားဆွေးနွေးကြပါတယ်။
တစ်နေ့မှာတော့ တပည့်တချို့လာတွေ့ပြီး သူတို့ ဘုရားဖူးသွားမည့်အကြောင်းလာပြောကြပါတယ်။
ဂုရုကြီးက သူတို့ကို ပြုံးပြုံးကြီးကြည့်ပြီးမေးလိုက်ပါတယ်။

“ဘာဖြစ်လို့ ဘုရားဖူးသွားချင်ကြတာလဲ”…?
“ဘုရားပေါ် ယုံကြည်မှုတွေ ပိုတိုးလာအောင်လို့ပါ”
“ဒါဆို ငါ့အတွက်တစ်ခုလောက် လုပ်ပေးလို့ရမလား”
“ရပါတယ် ဆရာကြီး”
“ဟော့ဒီ ကြက်ဟင်းခါးသီးတစ်လုံးကိုမင်းတို့နဲ့ အတူ ယူသွားပေးပါ”
“ဘယ်ဘုရားဖူးဖူး အဲ့ဒီ ကြက်ဟင်းခါးသီး ပါပါစေမင်းတို့ ပြန်လာတဲ့အခါ ငါ့ဆီကိုပြန်ယူလာပေးပါလို့ပြောပြီး…အနားမှာ ရှိတဲ့ကြက်ဟင်းခါးသီးတစ်လုံးကိုတပည့်တွေပေးလိုက်ပါတယ်”

ဒီလိုနဲ့ တပည့်တွေလည်း ဆရာကြီးမှာတဲ့အတိုင်း ကြက်ဟင်းခါးသီးနဲ့အတူဘုရားအဆူဆူဖူးပါသတဲ့။
ပြန်ရောက်တော့ ဆရာကြီးဆီ သွားပြီးဘုရားဖူးလာတဲ့ ကြက်ဟင်းခါးသီးကိုပြန်ပေးလိုက်ပါတယ်။
“အတော်ပဲ မင်းတို့ရောက်တုန်း အဲ့ဒီ ကြက်ဟင်းခါးသီးနဲ့ ငါ့ကို ဟင်းတစ်ခွက်ချက်ကျွေးကြပါလား” လို့ ဆရာကြီးကခိုင်းလိုက်ပါတယ်
တပည့်တွေကလည်း ဆရာကြီးခိုင်းတဲ့အတိုင်းချက်ကျွေးကြပါတယ်။

ဂုရုဆရာကြီးက ကြက်ဟင်းခါးသီးဟင်းကိုတစ်ဇွန်းလောက် ခပ်စားပြီးတဲ့အခါ”အံ့သြဖို့ကောင်းလိုက်တာ”လို့ပြောလိုက်ပါသတဲ့။
တပည့်တွေကလည်း စိုးထိတ်သွားပြီး”ဘာများဖြစ်လို့ပါလဲ ဆရာကြီး” လို့ပြန်မေးလိုက်ပါတယ်။
“ဒီကြက်ဟင်းခါးသီးက ဘုရားအဆူဆူဖူးပြီးတာတောင် ခါးနေတုန်းပဲကိုး”
“ဒါကတော့ ကြက်ဟင်းခါးသီးရဲ့ပင်ကိုယ်သဘာဝပဲကိုး ဆရာကြီး”
“အေး…ငါပြောချင်တာ..အဲ့ဒါပဲ”
“ကြက်ဟင်းခါးသီးဟာ ဘုရားအဆူဆူဖူးခဲ့ပေမဲ့လည်း သူရဲ့ပင်ကိုယ် အခါးသဘာဝကိုမပြောင်းနိုင်တော့ ခါးမြဲခါးဆဲပဲ မဟုတ်လား…”
“အိမ်း…ဒီလိုပဲ…မင်းတို့ရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို မပြောင်းလဲဘဲဘယ်ဘုရားသွားဖူးဖူး ဘာမှ ထူးခြားလာမှာမဟုတ်ဘူး”
“မင်းတို့ရဲ့ ပင်ကိုယ် သဘာဝထဲမှာ ရှိနေတဲ့မကောင်းတဲ့ အကျင့်စရိုက်တွေ လောဘဒေါသ မာန်မာနတွေ လွှမ်းမိုးနေတဲ့ စိတ်နေစိတ်ထားတွေ”
“သူတစ်ပါးအပေါ် မကောင်းမြင် မကောင်းထင်ပြီး အထင်သေး အပြစ်တင်ချင်တဲ့ စိတ်တွေကိုမပြုပြင်ဘဲ ဘယ်ဘုရားသွားဖူးဖူးအကျိုးထူးလိမ့်မယ်လို့ ငါမထင်ဘူး…”
“ဒါ့ကြောင့်…နောင်ကို ဘုရားသွားဖူးရင် ကိုယ့်ရဲ့မကောင်းတဲ့အမူအကျင့်တွေ ၊စိတ်နေသဘောထားတွေကို”….
“ပြု ပြင်ပြောင်းလဲနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးမှ သွားဖူးသင့်တယ်”
“ဒါမှလည်း အဓိပ္ပါယ်ရှိပြီးကုသိုလ်ရမှာပေါ့…
#chit



