လောပိတ ရေအားလျှပ်စစ်စီမံကိန်း စတင်လုပ်ဆောင်သည့် အချိန်မှစ၍ အင်းလေးတောင်ပိုင်းရှိ စံကားမြို့လေးဟာ ရေအောက်မှာနစ်မြုပ်သွားတော့တယ်။ လူနေအိမ်ခြေ၊ လယ်ယာမြေများနှင့် ဘုရားပုထိုးစေတီများလည်း ရေနစ်မြုပ်ကုန်ပါတယ်။
စံကားမြို့နည်းတူ ရေအောက်ရောက်ခဲ့ရတဲ့အထဲမှာ ဖယ်ခုံမြို့နယ်က ရွာတချို့လည်းပါ ပါတယ်။ မိုးဗြဲဆည်ကြီး တည်ဆောက်လိုက်လို့ ရေပြင်ဖုံးလွှမ်းသွားတဲ့ ရေအောက်မှာ (၁၆) နှစ်စံမြန်းလိုက်ရတဲ့ဆင်းတုတော်တစ်ဆူအကြောင်းကို လွန်ခဲ့တဲ့အနှစ် (၃၀) ခန့်က သရဖူမဂ္ဂဇင်းမှာဖတ်လိုက်ရပါတယ်။ စာရေးသူက ယုဝတီ ဂျင်းဖောမယ်ပါ။
ယုဝတီဂျင်းမောမယ်ရဲ့ ခင်ပွန်းက ဖယ်ခုံမြို့နယ် ပြည်သူကောင်စီဥက္ကဌဖြစ်ပါတယ်။ ယုဝတီဂျင်းမောမယ်ရဲ့သမီးက သရဖူမဂ္ဂဇင်းတိုက်ပိုင်ရှင် အယ်ဒီတာ ဒေါ်နန်းအိအိဇာ ဖြစ်ပါတယ်။
အင်းရေပြင်ထဲမှာနစ်မြုပ်နေတဲ့ ဘုရားဆင်းတုတော်တစ်ဆူ အကြောင်းကို စာရေးသူကကြားသိတဲ့အချိန်မှာ ဆယ်ယူလိုစိတ်တွေဖြစ်ပေါ်လာခဲ့တယ်။ ဘုရားက ထိုင်ကိုယ်တော်ပါ။ ရေကကြည်လင်နေတော့ ဘုရားရေထဲမြုပ်နေတာကို တွေ့ရပါသတဲ့။
ရေကျချိန်ဆို ဘုရားရဲ့ဆံထုံးတော်လေးက ပေါ်နေတာကို ဒေသခံငါးဖမ်းတဲ့တံငါလှေတွေက (သူတို့က ဗုဒ္ဓဘာသာကိုးကွယ်သူတွေ မဟုတ်ပါ) ကြိုးချည်တဲ့ ငုပ်သဖွယ် အသုံးပြုနေတာကြားသိတော့ ညောင်ပင်သာဆရာတော်ဦးဝိစိတ္တနှင့်တိုင်ပင်ဆွေးနွေးပြီး ခင်ပွန်းဖြစ်သူရဲ့ ပံ့ပိုးမှုနှင့်အတူ ဆင်းတုတော်ကို ကရိန်းနဲ့ဆွဲမပြီး ကုန်းပေါ်သို့သယ်ဆောင်လာခဲ့တယ်။
ယာယီစံကျောင်းမှာထားပြီး ဘုရားကို ရေညှိတွေဖယ်ရှား ကျောက်သားတွေ သန့်ရှင်းအောင်ပွတ်တိုက်၊ သဃ်န်းတော်ရွှေဆေးနဲ့ခြယ်သမျက်နှာတော်ကို ပန်းချီပြန်ချယ်လိုက်တော့ ကြည်ညိုဖွယ်ဆင်းတုတော်တစ်ဆူအဖြစ် ဖူးတွေ့ရပါတယ်။
နောက်တော့ ညောင်ပင်သာရပ်မှာပဲ ကျောင်းဆောင်ဆောက်လုပ်ပြီး “အောင်တော်မူဘုရား” ဟု ဘွဲ့မည်ပေးပူဇော်ခဲ့ကြပါတယ်။ ကျွန်မတို့ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ တာဝန်ကျတုန်းက ဖယ်ခုံမြို့နယ်ကိုဖြတ်ကျော်ပြီးမှ ကယားပြည်နယ်ကို ရောက်ရပါတယ်။
ဖယ်ခုံမြို့က အင်းရေပြင်ကိုမြင်တိုင်း ရေထဲကဆယ်ယူလာတဲ့ ဘုရားဆင်းတုတော်ကို ဖူးမြှော်လိုတဲ့စိတ် ဖြစ်ပေါ်ရသော်လည်း အကြောင်းမညီညွတ်လို့မဖူးခဲ့ရပါ။ နောင်တချိန်မှာ ဖူးမြှော်ရပါလို၏ဘုရားလို့ ဆုတောင်းထားပါတယ်။
Dolly Tin
Dolly Tin