အနောက်တိုင်းယဉ်ကျေးမှုမှာ သတို့သမီး၏ဖခင်ဟာ သူမအား သတို့သားထံလမ်းလျှောက်ရန် လက်တွဲပေးသွားရမဲ့တာဝန်ကိုရထားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီသူဖြစ်တာကြောင့် ဤဓလေ့ကို အများအားဖြင့် ကျင့်သုံးကြပါတယ်။ ဒါ့ကြောင့် မင်္ဂလာပွဲနေ့မှာ သမီးဖြစ်သူနှင့်အတူ ခန်းမထဲ လျှောက်လှမ်းသွားနိုင်ဖို့က ဖခင်တိုင်းရဲ့အိပ်မက်ပါပဲ။ ၎င်းက နောက်ဆုံးတော့ သူက သူ့ရဲ့သမီးလေးကို လွှတ်ပေး ၊ လက်လွှဲပေးလိုက်ပြီဆိုတဲ့အကြောင်း ကမ္ဘာကြီးကို ပြောပြတဲ့နည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အမေရိကန် Ohio ပြည်နယ် Lorain County မှာ ကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲမှာ သူ့ရဲ့သမီးဖြစ်သူ Brittany Peck နှင့်အတူ လမ်းလျှောက်ဖို့ ဖခင် Todd Bachman က အခွင့်အရေးရလာတဲ့အခါ သူဟာ မျှော်လင့်မထားတဲ့လူတစ်ယောက်နဲ့ အတူ ၎င်းအထူးအခိုက်အတန့်ကိုဝေမျှဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Elite Readers ၏ အဆိုအရ ဖခင်အရင်းဖြစ်သူ Bachman က အမှန်တကယ် ထူးခြားတဲ့အရာတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သတို့သမီး Peck ရဲ့ ပထွေးဖြစ်သူ Todd Cendrosky က ၎င်းရဲ့မယားပါသမီးက ခန်းမထဲလမ်းလျှောက်ဝင်တာကို ဝမ်းသာစွာ စောင့်ကြည့်နေခဲ့တာပါ။
ထို့နောက် ခန်းမထဲ မဝင်ခင်လေးမှာ Bachman က Cendrosky ဆီရောက်လာပြီး ပထွေးဖြစ်သူ Cendrosky ရဲ့လက်ကို ဆွဲကိုင်လိုက်ရင်း “ ဟေး မင်းက ငါ သူမအတွက် ခက်ခက်ခဲခဲပြုစုပေးခဲ့သလို မင်းလည်း ပြုစုပေးခဲ့တယ် ၊ အဲ့တာကြောင့် မင်းလည်း ငါ အခု လုပ်ထိုက်သလောက် လုပ်ထိုက်တယ် ၊ လာ ငါတို့ သမီးလေးကို ခန်းမထဲ အတူ လက်တွဲပို့ပေးကြရအောင် ” ဟု ဆိုကာ Cendrosky အား ဆွဲခေါ်ခဲ့ပါတယ်။

Bachman က အဲ့လိုပြုမူခဲ့ပေမဲ့ တကယ်တမ်း ၎င်းဖခင်နှစ်ဦးတို့ရဲ့ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်အတွင်းမှာ မပြေလည်ဘဲ ပဋိပက္ခ များဖြင့် တင်းမာနေခဲ့တာပါ။ သို့ပေမဲ့ သူ့သမီးလေး၏ အထူးနေ့မှာ၊ Bachman ဟာ အတိတ်ကို အတိတ်မှာ ချန်ထားခဲ့ကာ အရေးကြီးဆုံးသောနေ့နှာ သမီးဖြစ်သူ Peck ပျော်ရွှင်စေမည့် အရာတစ်ခုကို ပြုလုပ်ရန် ရွေးချယ်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့သမီးလေးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ နှစ်တွေအားလုံးကို သူ့ကို ကျေးဇူးတင်ဖို့က မလုံလောက်ပါဘူး။ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ကြောင်းပြောဖို့ထက် သမီးနဲ့အတူ လမ်းလျှောက်ခွင့်ပေးတာထက် ၊

ပိုကောင်းတဲ့နည်းလမ်းမရှိပါဘူး ” လို့ Bachman က မပြေလည်မှုများကို လျစ်လျူရှုပြီး ပထွေးဖြစ်သူ Cendrosky ကို ကျေးဇူးတင်ကြောင်းစကားပြောခဲ့ပါတယ်။ ထို့ပြင် မင်္ဂလာဆောင်ဓာတ်ပုံဆရာ Delia Blackburn ကလည်း ကင်မရာတွင် ၎င်းအထူးအခိုက်အတန့်လေးကို လှပစွာ ရိုက်ကူးပေးထားနိုင်ခဲ့ပါတယ်။
သတို့သမီးဖြစ်သူက သူမတို့မင်္ဂလာပွဲရဲ့ကြည်နူးစရာကောင်းတဲ့ ပုံရိပ်များနှင့် ဖခင်နှစ်ဦးတို့ကြားက ဆက်ဆံရေးအကြောင်းကို ဖေ့စ်ဘုတ်မှာ တင်ထားခဲ့တာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းက အင်တာနက်အသုံးပြုသူတွေရဲ့ချီးကျူးမှုများစွာကိုပါ ရရှိခဲ့ပါသေးတယ်။

Mia (KB Chimmy One)
Reference : rachfeed



