ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနမှ ဝန်ထမ်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနက တရားစွဲဆိုထားခြင်းဟု CDM တရားသူကြီးတစ်ဦးကပြောသည်။
“ထွက်လာတဲ့ စာပါဓာတ်ပုံက ထောင့်စွန်းမှာ စားပွဲခင်းလေးပါနေတယ်။ ဒီစားပွဲခင်းက သုတေသနဌာနက စားပွဲခင်းဆိုပြီးတရားစွဲတာ“ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများနှင့်အဆက်အသွယ်ရှိသော CDM တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ဌာနချင်း အမြင်မကြည်လင်မှုများဖြစ်နေသည်ဟုလည်း တရားရေးအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။
ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဌာနတွင်း ညွှန်ကြားချက်ကို ပြည်ထောင်စု တရားသူကြီးချုပ်က အောက်ခြေ ဌာနများသို့ ထပ်မံဖြန့်ဝေခဲ့သည့် စာသည် ပြင်ပသို့ ပေါက်ကြားလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု စသည်တို့ကြောင့် ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတွင်တိုင်ကြားခံထားသည်။
လူမျိုး တု န်း သ တ် ဖြတ်မှုဖြင့်အပြစ်ပေးအရေးယူခံရမည်ကို ကြောက်လန့်နေသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ဥပဒေမဲ့ညွှန်ကြားမှုများကို လိုက်နာကာ ဌာနတွင်း ဥပဒေမဲ့ညွှန်ကြားစာထပ်ဆင့်ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုလည်း တရားရေးအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေကြသည်။ CDM ပြုလုပ်နေသည့် တရားရေးဝန်ထမ်းများကမူ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအား မာမီထွန်းဟု အမည်ပြောင် ပေးထားသည်။
ယခုပေါက်ကြားခဲ့သည့် လျှို့ဝှက်စာသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည့် စာဖြစ်သဖြင့် မိမိတို့ တရားသူကြီးချုပ်ရုံးမှပင် ပေါက်ကြားနိုင်သ လားဟု ယူဆရကြောင်း CDM ပြုလုပ်ထားသည့် တရား သူကြီးတဦးက ဝေဖန်လိုက်သည်။
စစ်ကောင်စီလက်အောက်တွင် ယခင် အာဏာသိမ်းစဉ်ကတည်းက လျှို့ဝှက်စာများ ပေါက်ကြားနေခဲ့သည့်အ တွက် သက်ဆိုင်ရာ ဝန်ထမ်းများကို အရေးယူ တရားစွဲခဲ့မှုကို မကြားသိခဲ့ရသော်လည်း ယခုတကြိမ်သည် ပထမဆုံး ဖြစ်နိုင်ကြောင်း တရားလွှတ်တော် ရှေ့နေတဦးက သုံးသပ်သည်။
ထို့အပြင် ယခင် ဇူလိုင်ပိုင်းက ဌာနဆိုင်ရာများအတွင် လျှို့ဝှက်စာများ အသီးသီး ပေါက်ကြားမှုနှင့် ပက်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများကို ရုံးတွင်းလျှို့ဝှက်စာများ သေချာစွာ စိစစ် ထိန်းသိမ်းရန် လျှို့ဝှက်စာအဖြစ် ထပ်မံ ထုတ်ပြန်ခဲ့ဖူးသည်။
ထိုသို့ ထပ်မံထိန်းသိမ်းရန် လျှို့ဝှက်စာများပင် လူမှုကွန်ယက်နှင့် သတင်းမီဒီယာများထံသို့ ပေါက်ကြားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြည်သူအများ၏ လှောင်ပြောင်သည့် ဝေဖန်မှုများကိုပင် ခံခဲ့ရသည်။