တခါတုန်းက အဖိုးအိုတဦးဟာ ရွာမှာ တယောက်တည်း အထီးကျန်ဆန်စွာ နေရတယ်။ တနေ့မှာတော့ အဖိုးအိုက သူ့သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေ ရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေ ထွက်လာခဲ့တယ်။
အဲဒီလိုနဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့ နေတဲ့အိမ်ကို ရောက်လာပါတယ်။ စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတယ်။ အိမ်ဦးခန်းမှာ နေရာပေးကြတယ်။
ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့ အတူ နေထိုင်ရင်း တပတ်တိတိ အချိန်ကို ရောက်လာခဲ့တယ်။ နေ့တိုင်း နေ့တိုင်းမှာ မိသားစု ထမင်းဝိုင်းမှာ အားလုံးအတူ ဝိုင်းစားကြတယ်။
အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ။ အဖိုးအိုရဲ့ လက်တွေက အသက်အရွယ်ကြောင့် တုန်နေခဲ့တယ်။ တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကို ဖိတ်လို့ ဖိတ်ကြမ်းပြင်ပေါ် ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ်။
တပတ်တိတိ ရှိလာတဲ့အခါ သားဖြစ်သူနဲ့ ချွေးမတို့က မခံနိုင်တော့ ပါဘူး။ သူတို့တိုင်ပင်ကြတယ်။
“အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ် ဒီဖိတ် ဒါဏ်ကို မခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်း အသံမြည်တယ် ညစ်ပတ်နေတာပဲ။ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တခုခုလုပ်ရအောင်” လို့ မိန်းမဖြစ်သူကို တိုင်ပင်တယ်။
ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတဝိုင်းတည်း အတူစားခွင့် မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံ သေးသေးလေးနဲ့ ကျွေးပါတော့တယ်။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့ စားတဲ့အခါမှာလည်း ခဏခဏ ပန်းကန်တွေ ကျကွဲတဲ့ အတွက် သားဖြစ်သူက သစ်သားပန်းကန်လုံးလေး လုပ်ပြီး အဖိုးအိုကို ကျွေးတယ်။
အဲဒီအချိန်က စလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ်။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ်သူရဲ့ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံ တွေကိုလည်း ခံရသေးတယ်။
ဒီလိုနဲ့ တနေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး တခုခုကို စိတ်ဝင်တစား လုပ်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ သားဖြစ်သူဆီ သွားပြီး မိဘတွေက ချိုသာတဲ့ စကားနဲ့ မေးလိုက်တယ်။ “သား ဘာလုပ်နေတာလဲ ဟင်”
သားဖြစ်သူက သူ့ဖခင်နဲ့ မိခင်ကို ပြုံးပြီး ကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ်။ “သားလည်း အဖေ့တို့အမေတို့ လိုပဲ အဖေအမေတို့ ကြီးလာရင် ကျွေးဖို့ သစ်သားခွက်လေး လုပ်နေတာပါ” အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူ ဆက်လုပ်နေခဲ့တယ်။
မိဘတွေဟာ သားဖြစ်သူစကားကို ကြားပြီး အလွန်ပဲ ထိတ်လန့် တုန်လှုပ် သွားခဲ့ရတယ်။ သူတို့ ဘာစကားတခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာ ခဲ့ရတယ်။
အိမ်ထဲကို လှမ်းကြည့်လိုက်တော့ အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာ တွေ့လိုက်ရ ပါတော့တယ်။ မိဘကျေးဇူး ဆပ်နိုင်ကြပါစေ။
Credit