မိခင်ကိုယ်တိုင် ရင်နင့်စွာ လာရောက်အပ်နှံတဲ့ အသက် (၂)နှစ်နှင့်(၇)နှစ်အရွယ် မောင်နှမ(၂)ဦးအား မြဆည်းဆာမှ တာဝန်ယူမွေးစားလိုက်ခြင်း
မိခင်ကတော့ ရင်နင့်စွာနဲ့ မျက်ရည်စွဲစိုနေတာပေါ့။

မိခင်ကတော့ မော်လမြိုင်မြို့တနေရာကပါပဲ။ အဖြစ်အပျက်ကို ကိုယ်ချင်းစာလို့ အကြိမ်ကြိမ်အခါခါမေးမြန်းပေးပါတယ်။
မိခင်ဘက်က လုံးဝသေချာတဲ့အတွက် ကလေးငယ်(၂)ဦးရဲ့ဘဝရှေ့ရေးအတွက်ကိုပါ တွေးပေးပြီးမှ မြဆည်းဆာဆရာတော် ဘဒ္ဒန္တနရိန္ဒရဲ့ သြဝါဒခံယူပြီး စာချုပ်စာတမ်းနဲ့အတူကျွန်တော်တို့ အပြီးအပိုင် မွေးစားစောင့်ရှောက်ပေးလိုက်ပါပြီ။

မိခင်အနေနဲ့တော့ကလေး(၂)ဦးနဲ့ အခက်အခဲတွေကြား မရုန်းကန်နိုင်တော့တဲ့အတွက် စွန့်ပစ်ခဲ့တာနဲ့စာရင် ကလေးဘဝရှေ့ရေးအတွက် လုံခြုံစိတ်ချရတဲ့နေရာကို ပို့လာပေးလိုက်တဲ့ သဘောပါပဲ။
မိခင်ကတော့ အိမ်ထောင်ကျခဲ့တာ (၁၁)နှစ်ရှိပါပြီးတဲ့။သားသမီး(၂)ဦး ထွန်းကားခဲ့ပါတယ်။ ခု ကလေးငယ်(၂)ဦးပေါ့။ မိန်းကလေးက (၇)နှစ် ယောင်္ကျားလေးက (၂)နှစ်ပါ။
ယောင်္ကျားဖြစ်သူက အရင်က အလုပ်တွေလုပ်နေပေမဲ့နောက်ပိုင်း အရက်စွဲလန်းပြီး အရက်ကြောင် ကြောင်သွားခဲ့ပါတယ်တဲ့။

ခုထိလဲ အရက်ကြောင်ပြီး ဘာမှအသိစိတ်မရှိတော့ပဲ လျှောက်သွားနေတာတဲ့။ သူမအနေနဲ့ ကလေးငယ်(၂)ဦးနဲ့အတူ ဘဝကိုခက်ခဲစွာ အလုပ်မျိုးစုံလုပ်ပြီးရုန်းကန်နေခဲ့ရတာ နှစ်ပတ်လည်နီးပါး ရှိနေပါပြီးလို့ ဆိုပါတယ်။
ငတ်တလှည့်ပြတ်တလှည့်နဲ့ ပညာလဲသင်ခွင့်မရနဲ့အခက်ခဲဆုံး အခြေအနေတွေကို ဖြတ်သန်းခဲ့ရတာပါ။ နောက်ဆုံး လောကဓံတရားကို ဘယ်လိုမှ မလွန်ဆန်နိုင်
တော့တဲ့အတွက် ကလေးငယ်(၂)ဦးရဲ့ ဘဝနောင်ရေးကိုအကြိမ်ကြိမ်အခါခါ စဉ်းစားပြီးမှ မြဆည်းဆာသို့ စုံစမ်းမေးမြန်း ရောက်ရှိလာခဲ့တာပါ။
သူ့ရင်ထဲမှာတော့ တော်တော်လေး ပူလောင်နေတာပါ။ ကလေးငယ်(၂)ဦးနဲ့ သူမမရုန်းကန်နိုင်တော့ပါဘူး။ အလုပ်သွားလုပ်ရင်လဲ ကလေး(၂)ဦးကို ထားသွားခဲ့ရတာလဲ အဆင်မပြေတော့ပါဘူး။

အပ်နှံစရာနေရာလဲ မရှိဘူးလို့ ဆိုပါတယ်။ ယောင်္ကျားဘက်မှာလဲ ယောက္ခမအဖွားတစ်ဦးထဲရှိပြီးသူ့ဟာသူလဲ အသက် အရွယ်ကြီးလွန်းနေပြီး ဟိုမကယ်နိုင် ဒီမတတ်နိုင် ဘဝတွေပါတဲ့။
ကျွန်တော်တို့လဲ မိခင်ရဲ့ ဆန္ဒကိုအကြိမ်ကြိမ်မေးမြန်းပြီးနောက်ဆုံးသေချာမှ စာချုပ်စာတမ်းနဲ့အတူ ကလေးငယ်(၂)ဦးကို တာဝန်ယူ မွေးစားပေးလိုက်ပါပြီ။
မိခင်ကိုတော့ ဘဝဖြတ်သန်းပုံနဲ့ အားအင်တွေရှိဖို့ လောကဓံတရားကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ စကားတွေအများကြီး ပြောပြဖြစ်လိုက်ပါတယ်။

ငိုလွန်းနေတဲ့ ကလေးအငယ်လေးကို ကျွန်တော်တို့အခု ချော့နေပါပြီး။ ရေမိုးချိုးပေးပြီး အဝတ်အစားတွေလဲပေးမယ်။ ပြီးရင် သူတို့ (၂)ဦးရဲ့ဘဝရှေ့ဆက်ရေးအတွက် မေတ္တာတွေပေးပြီး လမ်းကြောင်းတခုပေါ်တင်ပေးရပါဦးမယ်။

22.1.2022
ဇင်မိုး
အကျိုးတော်ဆောင်
မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာ
မုရောင်းကျေးရွာ မော်လမြိုင်မြို့ မွန်ပြည်နယ်။



