မြန်မာပြည် ဖားကန့်ဒေသကြီး၏ ကျောက်စိမ်းများမှ ရရှိခဲ့တဲ့ ဝင်ငွေ သမိုင်းကြောင်း ( ၁၉၈၈ မှ စတွက်လျှင် ၂၀၁၄ အထိ ကျောက်စိမ်းမှ ရရှိခဲ့သော ဝင်ငွေမှာ နိုင်ငံသား တစ်ဦးစီတိုင်းအား တိုက်တစ်လုံး (သို့မဟုတ်) ကားတစ်စီးပေးနိုင်သော ပမာဏဖြစ် )
Global Witness အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၄ တနှစ်ထဲတွင်ပင် ကျောက်စိမ်းမှ ရရှိခဲ့သောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျှံရှိပြီး ၁၉၈၈ မှ စတွက်လျှင် ၂၀၁၄ အထိ ကျောက်စိမ်းမှ ရရှိခဲ့သော ဝင်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ဘီလျှံအထိရှိနိုင်သည်။
၎င်းပမာဏသည် ကွယ်လွန်သွားခဲ့ကြသော ရေမဆေးကျောက် ရှာသူများအပါအဝင် နိုင်ငံသား တစ်ဦးစီတိုင်းအား တိုက်တစ်လုံး (သို့မဟုတ်) ကားတစ်စီး ပေးနိုင်သော ပမာဏဖြစ်သည်။

၎င်းပမာဏသည် MIG 29 တိုက်လေယာဉ် အစီးရေ တစ်သောင်းခန့်ကို ဝယ်နိုင်သော ပမာဏဖြစ်၍ ရေငုတ်သင်္ဘောအစီးရေ တစ်ထောင် ခန့် ဝယ်နိုင်သော ပမာဏဖြစ်သည်။
ဖရီးဂိတ် စစ်ရေယာဉ် အစီးရေ သုံးထောင်ခန့် ဝယ်နိုင်သော ပမာဏဖြစ်သည့်အပြင် စစ်သည်များနှင့် ရဲမေများကို ကမ္ဘာ့အကောင်းဆုံး စစ်ဝတ်တန်ဆာ အိုးအိမ် အဆောက်အဦး Facility များ ဆင်မြန်းပေး၍ တပ်ကထွက်ချိန်တွင် တင့်တင့်တယ်တယ်ထားနိုင်သော ပမာဏလည်း ဖြစ်သည်။
တစ်နိုင်ငံလုံးကို နေရာလပ်မကျန်လျှပ်စစ်မီး ပေးကာ တောရောမြို့ပါအနှံ့ နိုင်လွန်ကတ္တရာ လမ်းခင်းပေးနိုင်သော ပမာဏ ဖြစ်သည်။ သို့သော်လည်း ဖားကန့်သာ ချိုင့် ဖြစ်သွားခဲ့ပြီး တိုင်းပြည်အတွက် ဘာမှ အဖတ်မတင်ခဲ့သလို ကချင်တွေလည်း ခံစားခွင့် မရခဲ့ကြပေ။

ပြည်သူတွေလည်း ဘာမှ မရခဲ့ကြသညလို သတင်းအမှောင် ချထားသဖြင့် ဤဝင်ငွေများကို သိတောင် မသိခဲ့ကြပေ။
Global Witness အဖွဲ့က ၎င်းတို့ နှစ်နှင့်ချီ အသေးစိတ် စုံစမ်း သိရှိရသမျှကို ဖွင့်ချပြ၍သာ ပြည်သူတွေ သိခဲ့ရခြင်းဖြစ်သည်။
တပ်မတော်သားတွေလည်း ဘာမှမရခဲ့ကြပါ။ တပ်မတော်သည် ၎င်း၏ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့ဘစီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့မှ တဆင့် ကျောက်စိမ်းကဏ္ဍတွင် တရားဝင် လုပ်ပိုင်ခွင့်ကိုထိမ်းချုပ်ထားကြောင်း သိရှိရသည်။
Global Witness က ဖော်ပြထားသည်မှာ စစ်တပ်ပိုင် ကုမ္ပဏီများ၏ တရားဝင် ပြပွဲများမှ ရောင်းချမှုပမာဏမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရှိပြီး ထိုဝင်ငွေများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြင်ပ ဘတ်ဂျက်အဖြစ် သက်မှတ်ထားသည်ဟု သိရှိရသည်။

တပ်မတော်ပိုင် ကျောက်မျက် ကုမ္ပဏီများနှင့် ဦးပိုင်နှင့် ဆက်စပ်ကုမ္ပဏီများမှာ
၁။ မြန်မာအင်ပရီရယ်ဂျိတ် ကျောက်မျက် ရတနာ ကုမ္ပဏီလီမိတက် ၂။ ကုံရာသီကြယ် ကျောက်မျက် ကုမ္ပဏီ ၃။ သော်က ကျောက်မျက်ကုမ္ပဏီ ၄။ ဖုသျှကြယ် ကျောက်မျက်ကုမ္ပဏီ ၅။ ဓနသိဒ္ဓိကြယ် ကျောက်မျက်ကုမ္ပဏီ ၆။ ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီ
၇။ သိန်းငှက်ကြယ် ကျောက်မျက်ကုမ္ပဏီ ၈။ စောင်းတာရာကြယ် ကျောက်မျက်ကုမ္ပဏီ ၉။ မြန်မာရူဘီအင်တာပရိုက် ၁၀။ ပုန်းညက် ကျောက်မျက် ကုမ္ပဏီ ၁၁။ ရွှေအင်းဝ ကျောက်မျက် ကုမ္ပဏီ ၁၂။ သစ္စာပန်း ကျောက်မျက် ကုမ္ပဏီ ၁၃။ Nothern Star ကျောက်မျက်ကုမ္ပဏီ တို့ဖြစ်သည်။
၂၀၁၄ ခုနှစ် မြန်မာ့ကျောက်မျက်ရောင်းပွဲတွင် စစ်တပ်ပိုင် မြန်မာအင်ပရီရယ်ဂျိတ် ကုမ္ပဏီမှ ရောင်းရငွေမှာ ကုမ္ပဏီ အားလုံး၏ ဒုတိယအမြင့်ဆုံးတွင် ရှိပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ရှိသည်။

ဦးပိုင် လီမိတက်သည် ကျောက်စိမ်းနှင့် သယံဇာတ တူးဖော်ရောင်းချမှုတွင် တိုင်းပြည်ကို နှစ် ၂၀ နီးပါး အခွန် မဆောင်ခဲ့ကြောင်း မီဒီယာများက ထုတ်ဖော်ပြောပြသည်။ ဖားကန့်ရှိ ကျောက်စိမ်းကုမ္ပဏီ အများစုမှာ ဦးပိုင် လီမိတက်နှင့် ဦးသန်းရွှေမိသားစု၏ ကြိုင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမိတက်နှင့် စစ်ဗိုလ်ချုပ်များ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများ၊ ၎င်းတို့နှင့် ပက်သက်နေသော ခရိုနီကြီးများ ပိုင်သော ကုမ္ပဏီများဖြစ်ကြောင်း Global Witness ကဖော်ပြခဲ့သည်။
စစ်ခေါင်းဆောင်များနှင့် ဆက်စပ်နေသော ခရိုနီများ၏ Ever Winner ကျောက်မျက် ကုမ္ပဏီသည် ၂၀၁၄ ခုနှစ် ကျောက်မျက် အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရရှိခဲ့သည့်အပြင် ၂၀၁၄ ခုနှစ်တွင် တရုတ်သို့ ကျောက်စိမ်း တရားမဝင် တင်ပို့ခဲ့မှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလျှံ ပမာဏ ရှိခဲ့သည်ဟု သိရှိရသည်။

သတင်းရပ်ကွက် တော်တော်များများ၏ အဆိုအရ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို ချုပ်ကိုင်နိုင်ရန် KIA ကို စတင် ထိုးစစ်ဆင်ခဲ့ကြောင်း Global Witness က ဖော်ပြသည်။
၂၀၁၁ မှ စ၍ KIA ကို ထိုးစစ်ဆင်သည့် ကာလအတွင်း စစ်သည်သုံးထောင်ခန့် ကျဆုံးပြီး ငါးထောင်ခန့် ဒါဏ်ရာ ရရှိခဲ့ကြောင်း Jane Defence စာစောင် မှသုံးသပ်ခဲ့သည်။
သဘာဝဓာတ်ငွေ့ ရောင်းချမှု ပမာဏမှာလည်း ၂၀၁၄ တနှစ်ထဲတွင်ပင် အမေရိကန် ဒေါ်လာ ၄၀၂ မီလျှံ ရရှိခဲ့သည်။
သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသော ငွေများကို နိုင်ငံ့ဘဏ္ဍာထဲသို့ တစ်ဒေါ်လာလျှင် မြန်မာငွေ ခြောက်ကျပ်နှုန်းဖြင့်သာ တွက်၍ ထည့်ခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ထုတ် ရေးသားသဖြင့် သိရှိရသည်။
ထိုကဲ့သော ပြင်ပပေါက်စျေးတွင် ၁၈၀၀ ကျပ်ရှိသော ငွေကို တစ်ဒေါ်လာ ၆ ကျပ်ဖြင့် စာရင်းသွင်းသော ကိစ္စသည် ဦးနေဝင်း လက်ထက်မှစ၍ ခေတ်အဆက်ဆက် ပြုလုပ်နေသည်မှာ ထုံးစံလိုပင် ဖြစ်နေသည်။
ထိုကဲ့သို့ မိမိအကျိုးစီးပွားကိုသာ ရှာသော အာဏာရှင်များ ရှိနေသ၍ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အနိမ့်ကျဆုံးတိုင်းပြည် ဆက်လက်၍ ဖြစ်နေဦးမည်မှာ မလွဲမသွေပင် ဖြစ်တော့သည်။
N Kham Aung Ref: Global Witness / Jane Defence



