ၾကားသိရသမွ်

နိုင်ငံခြားငွေများကို(၁)ရက်အတွင်း ငွေလဲနှုန်း ၁,၈၅၀ကျပ်ဖြင့် မြန်မာငွေနှင့် လဲလှယ်ရောင်းချရန် ဗဟိုဘဏ်ထုတ်ပြန်

နိုင်ငံခြားငွေများကို တစ်ရက်အတွင်း မြန်မာငွေနှင့် လဲလှယ်ရောင်းချရန် ဗဟိုဘဏ် ထုတ်ပြန်

နိုင်ငံခြားငွေကို အသုံးပြုပြီး မြန်မာနိုင်ငံက အကြမ်းဖက်မှုလုပ်ငန်းတွေကို အားပေးနေတာကြောင့် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ရဟု စစ်ကောင်စီပြန်ကြားရေးပြော
———————-

ဧပြီ ၄၊ ၂၀၂၂
ပြည်တွင်းက နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ရောင်းချဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတ်မှတ်ချက် ထုတ်ပြန်လိုက်ပါ တယ်။

ဒီနေ့ ဧပြီ(၄)ရက်ကစပြီး ပြည်တွင်းမှာနေထိုင်သူတွေဟာ နိုင်ငံခြားငွေနဲ့ရတဲ့ ဝင်ငွေတွေကို နိုင်ငံခြားသုံး ငွေတွေရောင်း ဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ပြီး (၁)ရက်အတွင်း ကျပ်ငွေနဲ့လဲလှယ်ရောင်းချရမယ်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ဒီထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ နိုင်ငံခြား (အမေရိကန် ဒေါ်လာ) ငွေ လိုအပ်နေတယ်ဆို တာကို ဖော်ပြနေတာလို့ စီးပွားရေးပညာရှင် တချို့က ဝေဖန်ထားကြပါတယ်။

အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ(၁၈၅၀)ကျပ်နဲ့ လဲလှယ်ပေးဖို့ သတ်မှတ် ပေးထားပြီး ငွေလဲလှယ် နှုန်းအပြောင်းအလဲရှိရင်လည်း ထပ်ပြီး ညွှန်ကြားသွား မယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က တော့“ တချို့ကိစ္စ တွေ မှာ ဒီနိုင်ငံခြားသုံးငွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ အချို့အကြမ်း ဖက်မှုလုပ်ငန်းတွေကို အားပေးနေတဲ့ ကိစ္စတွေရှိ လာတဲ့အတွက် အများပြည်သူအကျိုးအတွက် ကျွန်တော် တို့ ဒီလိုထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ တပ်မတော်ကတာဝန်ယူပြီး နောက်ပိုင်းမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းကိုထောက်ပံ့နေတဲ့ နိုင်ငံခြားမှာရှိတဲ့ အဖွဲ့အစည်းတွေရှိတယ်။

တချို့နိုင်ငံမှာ နိုင်ငံတွေက တောင်ကြီးကြပ်ပြီး လုပ်နေတာ တွေရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး လုံခြုံ‌ရေးနဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ မလိုလားအပ်တဲ့အကြမ်းဖက်မှုများ လျော့ချနိုင်ရေးအတွက် ဒါကိုထုတ် ပြန်ရခြင်းဖြစ်တယ်” လို့ မီဒီယာတစ်ခုကိုဖြေထားတာတွေ့ရပါ တယ်။

နိုင်ငံခြားသုံးငွေတွေ ပြည်ပကိုလွှဲပြောင်းတာကိုလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြု ချက်နဲ့သာ ဆောင်ရွက်ရမှာဖြစ်ပြီး ဒီထုတ်ပြန် ချက်တွေကိုလိုက်နာမှုမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဉပဒေအရ အရေးယူ တာခံရမယ်လို့လည်း ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြင်ပ ငွေလဲကောင်တာတွေမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို နှစ်ထောင်ကျော်ပေါက် စျေးရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂ဝ၂၂ ခုနှစ်ဧပြီလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် ( ၄ / ၂၀၂၂) ကို ဖော်ပြအပ်ပါသည်။

အကြောင်းအရာ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၀၂၂) ကိစ္စ

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃၄-၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ အရ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်—

(က) (၄-၄-၂၀၂၂)ရက်နေ့မှစတင်၍ AD. လိုင်စင်ရဘဏ်အသီးသီးသို့ ဝင်ရောက်လာသည့် ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ရောက်ငွေ (ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သောရငွေ) များကို ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာ အပိုဒ် (၃) အရ ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များမှအပ AD လိုင်စင်ရဘဏ်များတွင်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းများသို့ ဝင်ရောက်ပြီးသည့်နေ့မှာ အလုပ်လုပ်ရက်(၁)ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်၍ အဆိုပါ နိုင်ငံခြားငွေရရှိသူက ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်။

(ခ) အထက်အပိုဒ် (က) ပါအတိုင်း နိုင်ငံခြားသုံးငွေမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲခြင်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည်။ အခြား currency များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် အခြေခံတွက်ချက်ထားသည့် ပူးတွဲပါအတိုင်း ဆောင်ရွက်ရမည်။ ငွေလဲလှယ်နှုန်း အပြောင်းအလဲရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထပ်မံ ညွှန်ကြားသွားမည်ဖြစ်သည်။

(ဂ) (၄-၄-၂၀၂၂) ရက်နေ့မှစတင်၍ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ပေးရမည်။ ဤကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်အား ဆက်လက်ထုတ်ပြန်သွားမည်။

(ဃ) (၃-၄-၂၀၂၂) ရက်နေ့မတိုင်မီ AD လိုင်စင်ရဘဏ်အသီးသီးတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းအသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း အထက်အပိုဒ် (က) နှင့် (ခ)ပါအတိုင်း ဆောင်ရွက်ရမည်။ အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။