ၾကားသိရသမွ်

နေအိမ်တွင်မွေးထားသည့် ဝက်ဝံနှစ်ကောင် အရိုင်းစိတ်ဝင်ကာ အကိုက်ခံရ၍ သေဆုံးခဲ့ရသော“အနှိုင်းမဲ့အကြင်နာပရဟိတ”ကိုအောင်

မွေးထားသည့် ဝက်ဝံအကိုက်ခံရ၍ သေဆုံးခဲ့ရသော“အနှိုင်းမဲ့အကြင်နာပရဟိတ”ကိုအောင်

“အနှိုင်းမဲ့ အကြင်နာ ပရဟိတ” အမည်ဖြင့် တိရစ္ဆာန်အချို့ကို မွေးမြူစောင့်ရှောက်ထားသည့် ပဲခူးတိုင်း၊ တောင်ငူမြို့က ဦးကိုကိုအောင်သည် ယနေ့ ဧပြီလ ၇ ရက် မနက်အစောပိုင်းက သူချစ်ခင်ကြင်နာစွာ မွေးမြူလာခဲ့သည့် ဝက်ဝံနှစ်ကောင်၏ ကိုက်သတ်ခြင်း ခံခဲ့ရသည်။

ဝက်ဝံ၊ လေလွင့်ခွေးစသည့် တိရစ္ဆာန်အများအပြားကို မွေးမြူထိန်းသိမ်းစောင့်ရှောက်ထားသူ မြင့်မိုရ်နန်း KTV စားသောက်ဆိုင်ပိုင်ရှင် ဦးကိုကိုအောင်သည် တောင်ငူမြို့၏ တိရစ္ဆာန်ချစ်သူများအကြားတွင် လူသိများထင်ရှားသူဖြစ်သည်။

“မနက် ၃ နာရီကမှ အဲ့ဒီအခန်းထဲ ဝင်သွားတာ။ ပြီးတော့ သူ့မိန်းမကို ကယ်ပါဦးဆိုပြီး အော်ပြောတယ်။ ဒါပေမဲ့ ဘယ်လိုမှ ကယ်လို့ မရတော့ဘူး။ ဟိုနှစ်ကောင်က တအားပွဲကြမ်းနေပြီ” ဟု တောင်ငူနာရေးကူညီမှုအသင်း၏ ဥက္ကဌ ကိုလှမျိုးဝင်းက ပြောသည်။

ဦးကိုကိုအောင်သည် သူ၏ အချစ်ဆုံးဝက်ဝံနှစ်ကောင်ဖြစ်သည့် ချစ်ပို၊ အိစိကွေးတို့နှင့် အတူအိပ်လေ့ရှိပြီး ယင်းဝက်ဝံနှစ်ကောင်ရှိရာ အခန်းထဲသို့ ယနေ့ မနက် ၃ နာရီခန့်က ဝင်သွားခဲ့သည်ဟု သိရှိရသည်။

ဦးကိုကိုအောင်ဝင်သွားပြီး ခဏအကြာတွင် အရိုင်းစိတ်ဝင်နေသော ဝက်ဝံနှစ်ကောင်၏ ကိုက်သတ်ခံရကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

ဝက်ဝံအကိုက်ခံနေရသည့် ဦးကိုကိုအောင်ကို ဘေးမှ ဝင်ရောက်ကူညီသည့် ခွေးအချို့လည်း ဝက်ဝံကိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို သူ့မိန်းမက ဖုန်းဆက်ပြီး သူ့ယောက်ျားဝက်ဝံအကိုက်ခံရတယ်လို့ လှမ်းအကြောင်းကြားတယ်။ ဝက်ဝံ အကိုက်ခံရတယ်ကြားတော့ အသက်မီလောက်ဦးမလားဆိုပြီး ပြေးတာ ဟိုရောက်တော့ သေနေပြီ။ ကျွန်တော်တို့လည်း မနိုင်တော့ ရဲခေါ်၊ ရဲကလည်း မနိုင်တော့ ဂတ်ခေါ်ပြီးတော့ ဝက်ဝံတစ်ကောင်ကို သုံးချက်စီ ပစ်လိုက်တာ သေသွားမှ ကျွန်တော်တို့ အလောင်းကို သယ်ပြီး ရင်ခွဲရုံပို့ရတယ်” ဟု ကိုလှမျိုးဝင်းက ပြောသည်။

ဦးကိုကိုအောင် စတင်မွေးမြူခဲ့သည့် ဝက်ဝံအိစိကွေးမှာ တောင်ငူနယ်စပ်တွင် မိခင်ဝက်ဝံအမကြီးနှင့် မွေးချင်းဝက်ဝံပေါက်စကလေးတို့ကို တောလိုက်မုဆိုးများက သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ရှိခဲ့သည့် ဝက်ဝံပေါက်ကလေးဖြစ်သည်ဟု ဦးကိုကိုအောင်က မီဒီယာတွင် ဖြေဆိုခဲ့ဖူးသည်။

ဦးကိုကိုအောင်တစ်ယောက် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရတော့မည့် ဝက်ဝံများကို တစ်စတစ်စကယ်တင်ရင်း ဝက်ဝံဆယ်ကောင်အထက်အထိမွေးမြူဖြစ်ခဲ့သည်။

၎င်းပိုင်ဆိုင်သည့် မြင့်မိုရ်နန်း KTV စားသောက်ဆိုင်တွင် ဝက်ဝံ ၁၂ ကောင်ကို တရားမဝင်ခြံလှောင်မွေးမြူထားသည့်အတွက် တောထဲ ပြန်လွှတ်ရန် သက်ဆိုင်ရာသစ်တောဌာနမှ ဦးကိုကိုအောင်အား စာထုတ်အကြောင်းကြားခဲ့သေးသည်။

ဦးကိုကိုအောင်သည် ၎င်းမွေးမြူထားသည့် ဝက်ဝံ ၁၂ ကောင်မှာ ယဉ်ပါးနေပြီဖြစ်၍ တောတွင်းသို့ ပြန်လွှတ်မည်ဆိုပါက လူများ၏ အန္တရာယ်ပြုခံရနိုင်သဖြင့် သဘာဝတောနှင့် ယဉ်ပါးလာစေရန် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ထိုသို့ တင်ပြခဲ့သည့် အတွက် ၂ဝ၂ဝ စက်တင်ဘာလတွင် သစ်တောဌာနက ဝက်ဝံများကို ရန်ကုန်-မန္တလေးအမြန်လမ်း ၁၁၅ မိုင်ရှိ Pioneer Mini Zoo တွင် ဆက်လက်ထိန်းသိမ်းမွေးမြူရန် ခွင့်ပြုချက်ပေးခဲ့သည်။

“သူမွေးထားတဲ့ ဝက်ဝံတွေကို ၁၁၅ မိုင် Pioneer က ဖွင့်ထားတဲ့ ဒေါ်မိုးလယ်တောပျိုးဥယျာဉ်က အသေးစားတိရစ္ဆာန်ရုံကို အကုန်ပို့ထားတာ။ ချစ်ပိုနဲ့ အိစိကွေးပေါ့ နှစ်ကောင်ကို သူပြန်ခေါ်လာတာ နှစ်လ သုံးလပဲ ရှိဦးမယ်။ ဒီနှစ်ကောင်က သူအချစ်ဆုံးပေါ့။ အကြီးလည်း အကြီးဆုံးကောင်တွေ။ အိစိကွေးကတော့ သူ့အသည်းကျော်ပေါ့” ဟု ကိုလှမျိုးဝင်းက ပြောသည်။

ဦးကိုကိုအောင် မွေးမြူထားသည့် ကျန်ရှိနေသော ဝက်ဝံပေါက်ကလေးများကို Pioneer Mini Zoo တွင် ထိန်းသိမ်းမွေးမြူသွားမည်ဖြစ်ကြောင်းသိရသည်။

ချစ်ရသည့် ဝက်ဝံနှစ်ကောင် အကိုက်ခံရကာ သေဆုံးခဲ့သည့် အသက် ၅၂ နှစ်အရွယ် “အနှိုင်းမဲ့အကြင်နာပရဟိတ” ပိုင်ရှင် ဦးကိုကိုအောင်အား ၎င်းမိသားစု၏ ဆန္ဒအတိုင်း မီးသ င်ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း တောင်ငူနာရေးကူညီမှုအသင်းထံက သိရသည်။

credit;photo
#Mizzima