အသိပညာ

အများပိုင်ပစ္စည်းအပေါ် ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (ဒီလိုတွေကွာလို့ တိုးတက်မှု ကွာတာ)

အများပိုင်ပစ္စည်းအပေါ် ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (ဒီလိုတွေကွာလို့ တိုးတက်မှု ကွာတာ)

“ဂျပန်က ဘတ်စ်ကားတွေပေါ်မှာ

ဆိုဖာထိုင်ခုံတွေကို ဓါးနဲ့ ခွဲထားတာ၊

ဖျက်စီးထားတာမျိုး မရှိပါဘူးတဲ့။

ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို ဖျက်စီးလိုက်ရင် ဂျပန်တွေရဲ့ ပစ္စည်း ပျက်စီးသွားတာ၊ ဂျပန်တွေရဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားတာပဲလို့ ခံယူကြလို့ပါပဲတဲ့”။

အမှတ်မထင် ဖတ်မိတဲ့ စာလေးတစ် ကြောင်းပါ။ သြော် …တို့မြန်မာတွေ အတိုင်းပါပဲလားလို့ ပြောရင် ထရယ်ကြမလား မသိဘူး။

Correction Pen ကို လူကြီးလူငယ်တော်တော်များများ ကောင်းကောင်းကြီး သိကြပါတယ်။ မူရင်းတီထွင်သူက မှင်ဖျက်ဆေးအဖြစ် တီထွင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ရှေးဟောင်းအမွေအနှစ် ဖျက်ဆေးအဖြစ် အသုံးပြုခံနေရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ ၊ နေရာတွေမှာ မှင်ဖျက်ဆေးတွေနဲ့ ပွစိခတ်နေအောင် ရေးထားတာကို စာဖတ်သူတွေလည်း မြင်ဖူးကြမှာပါ။

တစ်ခါက ကျွန်တော် ခေါင်းလောင်း အကြီးကြီး တစ်ခုကို တွေ့တော့ ၀မ်းသာအားရ ခေါင်းလောင်းထိုးမလို့ လုပ်တုန်း အထဲမှာ စုံတွဲထိုင်နေတာတွေ့လို့ ဘာလုပ်နေပါလိမ့် ဆိုပြီး ထိုင်ကြည့်နေတော့ ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး ထွက်သွားတယ်။

ကျွန်တော်လဲ ဘာများရှိပါလိမ့်ဆိုပြီးခေါင်းလောင်းအောက် ၀င်ကြည့်လိုက်တော့ အားပါးပါး စာတွေ စာတွေ မနည်းမနောပါလား။

Correction Pen နဲ့ ရေးထားတာ ဖွေးနေတာပဲ။ (၁၀)တန်း စာမှာပါတဲ့ ခေါင်းလောင်းစာ ဆိုတာ ဒါမျိုးနေမှာလို့ ထင်စရာရှိတယ်။

ရေးထားတာ အစုံပါပဲ။

“ခင့်ကို သိပ်ချစ်တဲ့ မောင်” တို့

“ကိုကို နဲ့ နွယ် (အမှတ်တရ ၄.၅.၂၀၁၁)” တို့ “သူ့ကို လွမ်းနေတာ သူသိပါစေ” တို့ ဖတ်ရင်းဖတ်ရင်း တစ်ပတ်လည်ပြီး ခေါင်းသာ မူးသွားတယ် စာတွေက မကုန်ဘူး။

နောက်တစ်နေရာက မန္တလေးနန်း တော်၀င်းထဲက နန်းမြင့်မျှော်စင်။ အပေါ်ရောက်သွားတဲ့အခါ နံရံမှာ အဲ့လိုပဲ ပွစိခတ်အောင် ရေးထားတာ။

Correction pen မပါတဲ့သူက ဓါးနဲ့ ခြစ်တယ်။ မျက်ခုံးမွှေးဆွဲတံ အနက်နဲ့ ရေးတယ်။ (အစက မီးသွေးခဲ ထင်နေတာ၊ ဒီစာရေးဖို့တော့ မီးသွေးခဲကို ဒီအထိ သယ်လာမှာ မဟုတ်လောက်ဘူး။ ဖြစ်ခြင်းဖြစ် မျက်ခုံးမွှေး ဆွဲတံပဲ ဖြစ်ဖို့ များတယ်) ။

နိူင်ငံခြားသားတွေ မြင်တဲ့အခါ ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားတယ်။ သူတို့ဆီမှာလဲ မှုတ်ဆေးတွေနဲ့ နံရံမှာ လိုက်ရေး၊လိုက်ဆွဲတဲ့ လူငယ်တွေ ရှိပါတယ်။

ယနေ့မှာတော့ အဲ့ဒါကို အနုပညာ တစ်ရပ်အနေနဲ့ ဖော်ထုတ်ပေးလိုက်တဲ့အခါ စည်းကမ်းမဲ့ နံရံပေါ်မှာ ရေးတာတွေ မဟုတ်တော့ပဲ။ ပြပွဲတွေ ပြခန်းတွေ လုပ်နိုင်တဲ့အထိအနုပညာတစ်ရပ် ဖြစ်လာပါတယ်။

ကျွန်တော်တို့ ဒီ correction pen လက်ရာတွေက ပန်းချီတွေလဲ မဟုတ် ၊ မှတ်သားစရာလဲ မဟုတ်။ ပြခန်းလဲလုပ်ပေးလို့မရ။

အမှတ်တရ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဆိုပေမယ့် ဒါဟာ မိမိလူမျိုး၊ မိမိနိုင်ငံရဲ့ အလှအပကို ဖျက်စီးပစ်နေမှန်း မတွေးမိဘူး ထင်ပါတယ်။

ကဲ …ဒါဖြင့် …ဒါကို ဘယ်လိုကာကွယ်ကြမလဲ။ How to prevent this? ပေါ့။ ရှေးဟောင်းပစ္စည်း (သို့) နေရာကို သံဆူးကြိုး ကာရမလား။ ၂၄နာရီ အစောင့် ထားရမလား။ CCTV ပဲ တပ်ပြီး စောင့်ကြည့် အရေးယူရမလား။

တကယ်တော့ အဲ့ဒါတွေ တစ်ခုမှမလိုပါဘူး။ “ဒါတွေဟာ ငါတို့ တစ်မျိုးသားလုံး ပိုင်တယ်၊ ငါတို့မဖျက်စီးသင့်ဘူး၊ ဒါတွေက ငါတို့နိုင်ငံအတွက် အဖိုးတန်တယ်၊ ငါတို့မဖျက်စီးသင့်ဘူး။

ဒါတွေဟာ နောက်လာမယ့် လူငယ်တွေအတွက် ကောင်းကောင်းမွန်မွန် ကျန်ရစ်သင့်တယ် ၊ ငါတို့ မဖျက်စီးသင့်ဘူး “ဆိုတဲ့ အသိမျိုးကို လူတိုင်းလူတိုင်းရဲ့ ရင်ထဲ ရိုက်ထည့်ပေးထားရမယ်။

ကျွန်တော်ပြောနေတာက အင်မတန် ကြီးကျယ်တဲ့ စီမံကိန်းကြီးလည်း မဟုတ်ပါဘူး။ ဆည်မြောင်း၊ တမံတွေ၊ တံတားတွေဆောက်မယ့်စီမံကိန်းမျိုး၊ နိုင်ငံတော် ရှေ့တက်လှမ်းမယ့် စီမံကိန်းမျိုးတွေထက် စာရင်ကျွန်တော်ပေးတဲ့ အကြံဥာဏ်ဟာ အင်မတန် သေးဖွဲသိမ်နုပ်တဲ့ အကြံဥာဏ်ပါ။

ဒါပေမယ့် ကျွန်တော်တို့ဒီကနေ့ ဒီ correction pen တွေနဲ့ ရေးတာကို ရပ်လိုက်ရင် နောက် မျိုးဆက်တစ်ခုကျရင် အခုလို ညစ်ပတ်နေတဲ့ Correction pen တွေပွနေတဲ့ နေရာမျိုးတွေ မရှိတော့ပဲ သန့်ရှင်း သပ်ရပ်တဲ့ MYANMAR (မြန်မာ) ဖြစ်နေမှာ အသေအချာပါပဲဗျာ။

“ဤနေရာရောက်ငြား အများ လူ ရှင်

ခဲတံ ၊ မှင် ၊ ဆေး မရေးစေချင် ၊

တောင်းပန်ငြား ရေးထား စေတနာရှင် ။”

Credit – ဒေါက်တာခန့်ညားအောင်

(4th October 2015) မှ

ပြန်လည်ဖော်ပြသည်။ ။