ၾကားသိရသမွ်

ကားတစီးနဲ့ တမိသားစုလုံးကို လုံးဝ ရှာလို့ မတွေ့တဲ့ ဖားကန့်မှော်ဟောင်းကြီးထဲက ထူးဆန်းတဲ့ ဖြစ်ရပ်

ဖားကန့်မြို့တွင် လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့် မိသားစုဝင် ၃ ဦးနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ် ၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်ပါတယ်။

“အခြေအနေကတော့ မထူးသေးဘူးဗျ။ ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ကနေ ဖောင်ကနေ ချတာ နှစ်ပေ သုံးပေလောက်ပဲပိုတယ်။

အလောင်းလည်းရှာမတွေ့သေးဘူး ပြုတ်ကျသွားတဲ့ကားလည်းမတွေ့သေးဘူး” ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဆိုပါတယ်။

“(၉)နာရီလောက်မှာ မိုးတွေ အရမ်းရွာနေတဲ့ အချိန် ဖြစ်တာ။ ကလေးတစ်ယောက်နဲ့ လူကြီး နှစ်ယောက်ပေါ့။ ဟိုးတုန်းက စက်တွေနဲ့ကျင်းတူးထားတာ။ မိုးတွင်းကျတော့ ရေတွေ ပြည့်နေတာလေ။ အဲဒီအထဲကို ကျတာ။ မဆယ်ရသေးဘူး။

ဆယ်မယ်ဆိုရင်လည်း စက်ယန္တရားကြီးနဲ့ပဲ ဆယ်လို့ရမှာ။ ကန်က အနက်ကြီးပဲလေ။ ကုန်းပေါ်ကနေ ဆင်းတာ ဆိုတော့ မိုးကလည်း ဘရိတ်နဲ့ ရီဘာနဲ့ မှားနင်းသလားပေါ့။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသခံတဦးက ပြောပါတယ်။

လတ်တလောတွင် ရှာဖွေရေး လုပ်ငန်းများကို မှော်မောင်းလျှံ ကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းသားမှ ဝန်ထမ်းများနှင့် ပရဟိတ အသင်းများက ရှာဖွေရေး လုပ်နေကြောင်း သိရပါတယ်။

အဆိုပါ မိသားစုမှာ ယင်းဒေသရှိ မှော်မောင်းလျှံအကျိုးတူကုမ္ပဏီ၏ စာရေးမိသားဖြစ်ပြီး၊ ၎င်းတို့ စီးနင်းလာသည့် ကားအမျိုးအစားမှာ ပါဂျဲရိုးအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

ကျောက်စိမ်းမှော် အဟောင်းတွေ အများအပြား ရှိတဲ့ ဖားကန့်ရဲ့ ယာဉ်လမ်းကြောင်းတွေ ဘေးမှာ အကာအကွယ် အတားအဆီးတွေ တပ်ဆင်ဖို့ လိုတယ်လို့ နားလည်သူများက ထောက်ပြလျက် ရှိပါတယ်။

အလွန်နက်တဲ့ မှော်အဟောင်းတွေရဲ့ ဘေးက လမ်းတွေပေါ်မှာ သွားနေသူတွေရဲ့ လုံခြုံရေးကို အဓိက ထားသင့်တယ်လို့ ပြောနေကြပါတယ်။