စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက် ပါတယ်။ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ရထားပေါ်ကို ပြေးတက် သွားပါတယ်။
နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောကသူငွေ ထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။
နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။“ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်းသတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ်တက်သွားခဲ့ပါတယ်။
နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ၀တ်စားထားတဲ့သူတစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။“ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး။
ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာခဲတံလေးတွေ ရောင်းတဲ့သူတောင်းစား တစ်ယောက်ပါပဲ။ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲလို့ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက်စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာစီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လိုစတင် ကျင့်သုံး ပြုမူခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။မိမိအတွေး ပုံရိပ်ထဲမှာ“ငါဟာ သူတောင်းစားပဲ”လို့ တွေးပါများရင် “ငါဟာ သူတောင်းစားပဲ” ဆိုတဲ့ အသံသာ အထပ်ထပ်ပြန်ကြားနေရမှာပါ။
“ငါဟာလုပ်ငန်းရှင်ပဲ” လို့ တွေးလိုက်တာနဲ့ “ငါဟာ လုပ်ငန်းရှင်ပဲ” ဆိုတဲ့အတွေးပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလိုသင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင်ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြပါတယ်။
ဒါတွေကိုသင်ကနှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ်ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေးတယ်။
ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ်ဆိုရင်သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေပါပဲ။
တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက်အောင်မြင်လာမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်။သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲဖြစ်ပါတယ်။
Credit