မန္တလေးတောင်က မြွေကြီးနှစ်ကောင် တစ်ကယ်ရှိခဲ့သလား..?
တစ်ကယ် ရှိခဲ့ပါတယ်။ သူ့ရာဇ၀င်က ဒီလိုပါ။
မြန်မာနိုင်ငံ ကိုလိုနီခေတ် ၁၂၆၆ ခုနှစ်၀န်းကျင်လောက်မှာ မန္တလေးမြောက်ပြင်က လင်းဇင်းရပ်ထဲမှာ ဦးဘေဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ တစ်ရက်မှာတော့ ဦးဘေ အိမ်ထဲကို တော်တော်လေးကြီးတဲ့ စပါးအုံး မြွေကြီးနှစ်ကောင် ဘယ်ကလာမှန်းမသိ.. ရောက်လာတယ်။
အထီးတစ်ကောင်၊ အစ်မတစ်ကောင်။ အဲမှာတင် ဦးဘေက မြွေဆရာ ဦးလုံးကို ခေါ်ပြတယ်..။ စစ်သားဟောင်းကြီး ဦးလုံးက မြွေကြီးနှစ်ကောင်ကို ယူသွားပြီး လူစည်တဲ့ နေရာတွေမှာ ပြစားတယ်။ မြွေကြီးတွေက ကြီးတော့ လာကြည့်တဲ့သူတွေ များပြီး ပိုက်ဆံလည်း တော်တော်ရဆိုပဲ။
တစ်ရက်မှာတော့ မန္တလေး တောင်ပေါ်မှ…ာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ဦးနန္ဒိယက မြွေကြီးနှစ်ကောင်ကို လာအလှူခံတယ်..။ ဦးနန္ဒိယ ဆိုတာ ရသေ့ကြီးဦးခန္တီ အရင် တောင်ပေါ်မှာ သီတင်းသုံးသွားတဲ့ ဘုန်းကြီးပါ။
ဘုန်းကြီး ဦးနန္ဒိယက အလှူခံတော့ မြွေဆရာ ဦးလုံးက လှူလိုက်တယ်။ ဦးနန္ဒိယက အဲမြွေကြီးနှစ်ကောင်ကို မန္တလေးတောင်ပေါ်မှာ မွေးထားတယ်။ အဲမြွေကြီးနှစ်ကောင်ကို အကြောင်းပြုပြီး မန္တလေးတောင်ပေါ်မှာ ဘုရားဖူးတွေ တော်တော်စည်လာတယ်တဲ့။
ဒီလိုနဲ့ တစ်နှစ်နဲ့ ရှစ်လ ကြာတဲ့အခါမှာ ဦးနန္ဒိယက မြွေကြီးနှစ်ကောင်ကို မန္တလေးမြို့ အရှေ့ဘက်မှာရှိတဲ့ ရန်ကင်းတောင်ပေါ်မှာ သွားလွှတ်ပေးလိုက်တယ်။ အဲမှာတင် မြွေကြီးနှစ်ကောင်လည်း တွင်းကြီး တစ်တွင်းထဲ ၀င်သွားကြတယ်။ အဲကတည်းကစပြီး မြွေကြီးနှစ်ကောင်ဇာတ်လမ်းလည်း မကြားရတော့ပါဘူးတဲ့။
ခုကျွန်တော်တို့မြင်နေရတဲ့ မြွေရုပ်ကြီးနှစ်ရုပ်ကတော့ ရသေ့ကြီးဦးခန္တီ ရောက်ပြီးမှ သံတွေနဲ့ ထုလုပ်ထားတာပါ။ ဒါပေမယ့် ရသေ့ကြီးဦးခန္ဒီ လုပ်ထားတဲ့ မြွေနှစ်ကောင်ကတော့ စပါးအုံးမြွေတွေ မဟုတ်ဘဲ မြွေဟောက်ကြီးတွေပါတဲ့။ ဒါကတော့ မန္တလေးတောင်က မြွေကြီးနှစ်ကောင်ရာဇ၀င်ပါ။
မန္တလေးမှာ UFL သွားတက်တုန်းကလည်း သူငယ်ချင်း တစ်ယောက်နဲ့.. တောင်ပေါ်တက်ရင်း မြွေကြီးနှစ်ကောင်ကို တွေ့ခဲ့သေးပေမယ့် သမိုင်းကြောင်းကို မသိခဲ့ရပါဘူး။ နောက်ပိုင်းကျမှ လူထုဒေါ်အမာရဲ့ “ကျွန်မတို့မန္တလေးက မန္တလေးတောင်” ဆိုတဲ့ စာအုပ် ဖတ်ဖြစ်ခဲ့ပြီးမှ သိခဲ့ရတာပါ..။
စာဖတ်သူ မိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ် မြဲပါစေ။ (winhlaingoo)