Life Style

အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှ ထူးခြားအမှတ်အသား (၉) မျိုး

အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှ ထူးခြားအမှတ်အသား (၉) မျိုး

အလွန် ထူးဆန်းသော သဘာဝ အင်အားတို့သည် လူတစ်ဦးချင်းစီအတွက် သီးသန့်ရှင်သန်လျှက်ရှိရာ ထိုအစွမ်းတို့၏ အံ့ဖွယ်ရာ သတ္တိထူးတို့က လက္ခဏာရှင်ကို စိုးမိုးလျှက်ရှိကြသည်။

ထို့စွမ်းအင်တို့၏ အမှတ်အသားကို လက်ဖဝါးပြင်တွင် သိပ္ပံနည်းကျ သုတေသနပြုရာတွင် အဓိပ္ပါယ်ပြည့်ဝပြီး လက္ခဏာရှင်ကို ရာနှုံန်းပြည့် ကောင်းကျိုး ဆိုးပြစ်ကိုပေးသော အထူးအမှတ်အသားများ ဖြစ်ပေါ် လာပေသည်။

ထိုအမှတ်အသားများစွာထဲမှာ အလွန်အတွေ့များပြီး အမှန်တစ်ကယ်လည်း လူတစ်ယောက်၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသော လက်ဖဝါးပြင်မှာ ထူးခြားသော အမှတ်အသား (၉) မျိုးအကြောင်းကို စာရှည်မည်စိုးသဖြင့် အနှစ်ချုပ် တင်ပြလိုပါသည်။

ထူးခြားအမှတ်အသား (၉) မျိုးကတော့…

၁။အစက်ကလေးများ ၂။စက်ဝိုင်းများ ၃။ကျွန်းသဏ္ဍာန် ၄။လေးထောင့်အမှတ်အသား ၅။သုံးထောင့် အမှတ်အသား ၆။ကြက်ခြေ အမှတ်အသား ၇။ခရင်းခွ ၈။ရာဇမတ်ကွက်များ ၉။ကြယ်များ စသည်တို့ဖြစ်ကြ ပါတယ်။

၁။ အစက်ကလေးများ

လက်ဖဝါးပြင်တွင် အစက်ကလေးများကို တွေ့ရှိနိုင်သည်။ ထိုအစက် ကလေးများသည် အနီရောင်၊ အပြာရောင်၊ အနက် နှင့် အဖြူရောင်ရှိသော အစက်အပျောက်ကလေးများ ရှိတတ်ကြသည်။ ထိုအစက်ကလေး များသည် မှဲ့မဟုတ်ပါ။

အသက်လမ်းကြောင်းတွင် ပါရှိပါက ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ သောကဖြစ်ရခြင်း။ ပင်ပန်းသော လုပ်ငန်းများ လုပ်ကိုင်ရခြင်းတို့ကို ဖော်ပြသည်၊ ဂြိုဟ်ခုံများတွင် ပါရှိပါက ပါရှိသော ဂြိုဟ်ခုံနှင့် ပါတ်သက်သော အကြောင်း အရာတို့ အားနည်းခြင်းကို ဖြစ်စေသည့် အမှတ်အသား ဖြစ်သည်။

ဦးခေါင်းလမ်းကြောင်းတွင် ပါရှိပါက နားလေးခြင်း၊ မျက်လုံး မကောင်းခြင်းကို ပြပြီး၊ နှလုံးလမ်းကြောင်းတွင် ပါရှိပါက အချစ်ရေးတွင် ကံခေနေတတ်သည်။ နှလုံးရောဂါ၏ အခြေအနေ ကိုလည်း သုံးသပ်နိုင်သည်။ အစက်၏ အရောင် အဆင်းပေါ်နှင့် အရွယ်ပေါ် မူတည်ပြီး ချိန်ဆ ဟောပြောရပေသည်။

၂။ စက်ဝိုင်းများ

တိကျသော စက်ဝိုင်ပုံ အမှတ်အသားကို တွေ့ရခဲသည်။ စက်ဝိုင်ပုံအမှတ်အသားသည် တည်နေရာကို လိုက်ပြီး ကောင်းကျိုး ဆိုးပြစ်ကို ဟောပြောရသည့် အမှတ်အသားဖြစ်သည်။

ယေဘူယျအားဖြင့် ဂြိုဟ်ခုံများ တွင်တွေ့ရသော စက်ဝိုင်ပုံအမှတ်အသားသည် ကောင်းသောသဘောကို ဖော်ပြတတ်သော်လည်း လမ်းကြောင်းများတွင် တွေ့ရသောအခါ အဆိုးဘက်ကို ဦးတည်နေတတ်သည်။ လက်ကောက်ရစ်များတွင် တွေ့ရသော စက်ဝိုင်ပုံအမှတ်အသားသည် ငွေရခြင်း၊ထီပေါက်ခြင်းတို့နှင့် ဆက်စပ်ပေသည်။

ထူးခြားသော အချက်အနေဖြင့် တနင်္ဂနွေဂြိုဟ်ခုံတွင် စက်ဝိုင်ပုံအမှတ်အသား ထင်ရှား ပါရှိပါက ရာထူးကြီးခြင်း၊ အာဏာရှိခြင်းနှင့် အောင်မြင်ခြင်းကို ဖော်ပြတတ်သော်လည်း တနင်္လာဂြိုဟ်ခုံတွင် ပါရှိသော စက်ဝိုင်ပုံက ရေနစ်ပြီး ဒုက္ခရောက်ခြင်းကို ဆိုလိုပေသည်။

၃။ ကျွန်းသဏ္ဍာန်များ

ကျွန်းအမှတ်အသားသည် ကံမကောင်းခြင်း၊ အနှောင်အယှက်ဖြစ်ခြင်း၊ သောက ရောက်ခြင်းနှင့် ရည်ရွယ်ချက်၊ ရည်မှန်ချက် ပျက်စီးခြင်း၏ အမှတ်အသားဖြစ်သည်။ မည်သည့်လမ်းကြောင်း၊ မည်သည့် ဂြိုဟ်ခုံတွင် ပါရှိစေကာမူ ကောင်းအားနည်းသည့် အမှတ်ဖြစ်သည်။

အသက်လမ်းကြောင်း တွင်ပါရှိပါက နာတာရှည်ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကိုယ်လက်အင်္ဂါ စွန့်လွတ်ရခြင်းများကို ဖော်ပြသည်။ နှလုံးလမ်းကြောင်းတွင် ပါရှိပါက အချစ်ရေး၊အိမ်ထောင်ရေး၊မေတ္တာရေးမကောင်းခြင်း၊ပူပန်ရခြင်းနှင့် နှလုံးရောဂါရရှိခြင်းကို ပြသသည်။

အသက်ပိုင်းဖြတ်ရန် လိုပါသည်။ ကံလမ်းကြောင်းတွင် ပါရှိပါက အလုပ်အကိုင်နှင့် ကံနှင့်ဆက်စပ်သော လုပ်ငန်းများတွင် အဆင်မပြေဖြစ်ခြင်း၊ ဒုက္ခရောက်ခြင်းတို့ရှိပြီး အောင်မြင်ရေးလမ်းကြောင်းတွင် ပါရှိပါက ရာထူးမှပြုတ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း၊ အရှက်ကွဲခြင်းတို့ ဖြစ်တတ်သည့် သဘောဖြစ်သည်။

ဦးခေါင်းလမ်းကြောင်းတွင် ပါရှိပါက မျက်လုံးထိခိုက်ခြင်း၊ ဆုံးဖြတ်ချက်အမှားများ ချမှတ်ခြင်း၊ ပညာရေးအားနည်းခြင်းတို့ ကြုံတွေရမည်ဖြစ်သည်။ စနေဂြိုဟ်ခုံတွင် ရှိပါက ဘေးအန္တရာယ် အမျိုးမျိုး ရင်ဆိုင်ရပြီး ဘဝတွင် စိတ်ချမ်းသာခြင်း အလွန်နည်းပါးလိမ့်မည်။

အိမ်ထောင်ရေး လမ်းတွင် ပါရှိပါက အိမ်ထောင်ရေးပြသနာများ၊ တစ်ခုလပ်၊ မုတ်ဆိုးဖို-မ ဖြစ်ရခြင်းတို့ရင်ဆိုင် ရမည်ပင်ဖြစ်သည်။ ခရီးသွားလမ်းကြောင်းတွင် ပါရှိပါက ခရီးသွားလာရင်း ဒုက္ခခံစားရပြီး သောကြာဂြိုဟ်ခုံတွင် ပါရှိပါက တဏှာရာဂကြောင့် ကူးစက်ရောဂါဆိုးများ ခံစားရတတ်ကြောင်း လေ့လာရပါတယ်။

၄။ လေးထောင်အမှတ်အသား

လေးထောင့်အမှတ်အသား (စတုဂံ) သည် လုံးဝကောင်းသော အမှတ်အသား တစ်ခုအဖြစ်တော့ မမှတ်ယူနိုင်ပါ။ သို့သော် ဘေးအန္တရာယ်များကို အကာအကွယ်ပြုသော အမှတ်အသားအဖြစ် မှတ်ရယူရမည် ဖြစ်သည်။

ကျရောက်လာမည့် မကောင်းသော ကိစ္စရပ်များမှ သီသီကလေး လွတ်မြောက်တတ်သည်။ ကယ်တင်သူပေါ်သည့် အမှတ်လည်းဖြစ်သည်။ ဘေးအန္တရာယ်များကို ရင်ဆိုင်ရစေကာမူ အောင်မြင်စွာ ရင်ဆိုင်နိုင်သည့် သဘောဖြစ်သည်။

ကြီးသောအမှု့ကို ငယ်စေပြီး ငယ်သောအမှုကို ပပျောက်စေသည့် အမှတ်အသားတစ်ခုဖြစ်သည်။ အသက်လမ်းကြောင်း၏ အတွင်းဘက်နံရံတွင် ပါရှိပါက ထောင်ကျခြင်းကို ပြသော ထောင်အမှတ်အသားဖြစ်သည် ဆိုသောအချက်ကို သတိပြုရန်လိုပါသည်။

၅။ သုံးထောင့်အမှတ်အသား

သုံးထောင်အမှတ်အသား (တြိဂံ) အမှတ်အသားကို ကောင်းမွန်သော အမှတ်အသားတစ်ခုအဖြစ် မှတ်ယူကြသည်၊ ဗုဒ္ဓဟူးဂြိုဟ်ခုံတွင် ပါရှိပါကဆေးပညာ၊ စာရင်းပညာ၊ ကုန်သွယ်ရေးနှင့် စကား ပြောဆိုခြင်းနှင့်ဆိုင်သော ပညာတို့တွင် ထူးချွန် လိမ့်မည်ဖြစ် သည်။

တနင်္ဂနွေဂြိုဟ်ခုံတွင် ပါရှိပါက စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာတို့တွင် ထင်ပေါ်ကျော်ကြားမည့် သဘောကို ဖော်ပြသည်။ စနေဂြိုဟ်ခုံတွင် ပါရှိပါက နက္ခတ်ဗေဒင်ပညာရပ်၊ မန္တန်၊ အင်းအိုင်ပညာရပ်စသည့် လျှို့ဝှက်ဆန်းကျယ်ပညာရပ်များ၊ ဂိုဏ်စဉ်ပညာရပ်တို့တွင် ထူးခြားထွန်းပေါက်မည့် သူဖြစ်သည်။

ကြာသာပတေးဂြိုဟ်ခုံတွင် ပါရှိပါက ပညာတတ်ခြင်း၊ ရာထူး၊ ဘွဲ့ထူးများရှိခြင်း နှင့် နိုင်ငံရေးသြဇာရှိခြင်းကို ဖော်ပြသည်။ အင်္ဂါဂြိုဟ်ခုံတွင် ပါရှိပါက စစ်ရေးဗျူဟာကောင်းသူ၊ ရဲစွမ်းသတ္တိ ရှိသူဖြစ်မည်။ ခွဲစိတ်ပါရဂူကြီးလည်း ဖြစ်တတ်သည်။ ကောင်းသော အမှတ်သားတစ်ခုဖြစ်သည်။

၆။ကြက်ခြေအမှတ်အသား

မကောင်းသော အမှတ်အသားအဖြစ် ယူဆကြသော်လည်း ကြက်ခြေအမှတ်အသား တည်ရှိရာနေရာနှင့် အလွန်သက်ဆိုင်ပေသည်။ မှော်ကြက်ခြေသည် လက္ခဏာပညာတွင် ထင်ရှားသော ကြက်ခြေဖြစ်ပြီး ကြာသာပတေးဂြိုဟ်ခုံရှိ ကြက်ခြေသည် ကောင်းသော အမှတ်အသားဖြစ်သည်။

လက်ကောက်ရစ်အပေါ်တွင် တည်ရှိသောကြက်ခြေသည် ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေရခြင်းနှင့် သက်ဆိုင်လျှက်ရှိသည်။ ကျန်နေရာများတွင် ပါရှိသော ကြက်ခြေအမှတ်အသားမှာ ပျက်စီးခြင်း၊ ကံဆိုးခြင်းကိုသာ ပေးတတ်သည်။

စနေဂြိုဟ်ခုံတွင် ပါရှိသော ကြက်ခြေသည် သေဒဏ် စီရင်ခံရခြင်းနှင့် ပါတ်သက်နေပြီး ရာဇဝတ်မှု့နှ င့်ပါတ်သက်လေသည်။ သောကြာဂြိုဟ်ခုံရှိ ကြက်ခြေသည် ဆန့်ကျင်ဘက်လိင်ကြောင့် ကြေကွဲဖွယ် အဖြစ်ဆိုးများနှင့် ရင်ဆိုင်ရခြင်း၊ လိင်မှကူးစက်တတ်သော ရောဂါတို့ကြောင့် သေကြေပျက်စီးရခြင်းတို့နှင့် သက်ဆိုင်နေတတ်ပေသည်။

အင်္ဂါဂြိုဟ်(ဖို) တွင် ပါရှိသော ကြက်ခြေသည် သေနတ်ထိမှန် သေဆုံးခြင်း၊ တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်ရရှိခြင်းကို ပြလေသည်။ ဗုဒ္ဓဟူးဂြိုဟ်ခုံကြက်ခြေပါရှိသူသည် လူလိမ်ဖြစ်ခြင်း၊ မဖြစ်ချင်သော်လည်း အခြေအနေအရ လိမ်လည်မိခြင်းများဖြစ်တတ်သည်။

တနင်္လာဂြိုဟ်ခုံတွင် ပါရှိပါက ဆီးရောဂါ၊ သားအိမ်ကင်ဆာတို့ ဖြစ်တတ်ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းကာ ရေထဲခုံချပြီး မိမိကိုယ်ကို အဆုံးစီရင်တတ်သည်အထိ ဖြစ်တတ်သော အမှတ်အသားဖြစ်သည်။

၇။ ခရင်းခွ

ခရင်းခွသည် သက်ဆိုင်ရာလမ်းကြောင်းနှင့် ဂြိုဟ်ခုံတို့၏အားကို ပိုမိုကောင်းမွန်စေရန် တွန်းအားပေးတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ ဒါပေမယ့် အချို့သော လမ်းကြောင်းတွေရဲ့ ထိပ်ပိုင်းမှာ ခရင်းခွနဲ့ ဆုံးတာ မကောင်းတာမျိုးရှိပါတယ်။

အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွပါနေတာမျိုးနဲ့ အသက်လမ်းကြောင်းမှာ ခရင်းခနဲ့ စတင်တာ၊ အဆုံးသတ်တာမျိုးတွေဟာ ကောင်းတဲ့ အချက်တွေ မဟုတ်ပါဘူး။ ဦးခေါင်းလမ်းကြောင်းဟာ ခရင်းခွပုံနဲ့ အဆုံးသတ်တာ၊ ကံလမ်းကြောင်း၊ အောင်မြင်ရေးလမ်းကြောင်းတွေ ခရင်းခွနဲ့ အဆုံးသတ်တာတွေ အများကြီးရှိပါတယ်။

ဂြိုဟ်ခုံတစ်ခုခုပေါ်မှာ ခရင်းခွပုံစံ အမှတ်အသားလေးတွေ ရှိတတ်ပြီး သက်ဆိုရာ ဂြိုဟ်ခုံရဲ့ ပရိယာယ်နဲ့ ချင့်ချိန်ကြည့်ရတာဖြစ်တယ်။

၈။ ရာဇမတ်ကွက်
အချို့သော ကျမ်းများတွင် သံဇကာကွက်ဟုလည်းခေါ်သည်၊ ဤအမှတ်အသားသည်လည်း ကောင်းကျိုးမပေးသော အမှတ်အသားပင်ဖြစ်သည်။ သူတည်ရှိရာ နေရာဂြိုဟ်ခုံတို့ကိုလိုက်ပြီး ကောင်းကျိုး ဆိုးပြစ်ကို ပေးတတ်လေသည်။

သောကြာဂြိုဟ်ခုံတွင် ထင်ရှားသော ဇာကာကွက် ပါရှိပါက ဆန့်ကျင့်ဘက်လိင်တို့၏ အားပေးခြင်း၊ ချစ်ခြင်းကို ရရှိတတ်သည်၊သို့သော်လည်း ထိုဆန့်ကျင်ဘက်လိင်တို့ကြောင့် ရာဇဝတ်မှု့ ဖြစ်ခြင်းနှင့် ရင်ဆိုင်ရတတ်ပေသည်။

စနေဂြိုဟ်ခုံတွင် ပါရှိပါက ထောင်ကျခြင်းကို ဖြစ်စေတတ်သည်၊ တနင်္ဂနွေဂြိုဟ်ခုံတွင် ပါရှိပါက ဘဝ၏အောင်မြင်ခြင်း၊ ကျော်ကြားခြင်းတို့သည် စိတ်ကူးလောက်နှင့်သာ ကြေနပ်ရပေလိမ့်မည်။ လက်တွေ့ ဘာမှ မဖြစ်ထွန်းတတ်ပေ။

၉။ ကြယ်

ဒီအမှတ်အသားကတော့ လက်ဖဝါပြင်ဖတ် အတတ်ပညာမှာ အလွန်အရေးကြီးတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ လက္ခဏာရှင်ရဲ့ ဘဝတစ်လျှောက်လုံးအတွက် ကောင်းခြင်းဆိုးခြင်းကို ဖန်တီးရာမှာ အလွန်အရေးပါတဲ့ အမှတ်အသားဖြစ်တယ်၊

အောက်ခြေမှာ အမြင့်ဆုံး အခြေအနေအထိ တွန်းပို့နိုင်သလို အမြင်ဆုံးအခြေအနေမှ အောက်ခြေအထိလည်း ဆွဲချတတ်တဲ့ အမှတ်အသားဖြစ်ပါတယ်။

အများအားဖြင့် ကောင်းတဲ့ အမှတ်လက္ခဏာ ဖြစ်ပေမယ့် ကြယ်တည်ရှိတဲ့ ဂြိုဟ်ခုံပေါ် မူတည်ပါတယ်။ ကြာသာပတေးဂြိုဟ်ခုံမှာ ပါရင် ရုတ်တရက် ကြီးပွားတိုးတက်တာ၊ ကျောက်အောင်တာမျိုး၊ ရာထူးပိုင်းဆိုင်ရာပြောရရင် တစ်ဆင်မြင့်ရာထူးကို တိုက်ရိုက်ခံအပ် ခံရတာမျိုး တွေဖြစ်နိုင်တယ်။

စနေဂြိုဟ်ခုံမှာပါရင်တော့ အစပိုင်းမှာ အောင်မြင်မှု့တွေ ဆက်တိုက်ရရှိပြီး အဆုံးသတ်မှာ အားလုံးပျက်စီး ကျဆုံးရတာမျိုးပါ။ ဗုဒ္ဓဟူးဂြိုဟ်ခုံမှာပါရင်တော့ သိပ္ပံပညာရှင်၊ စူးစမ်းလေ့လာသူ၊ သုတေသနပညာရှင်တွေ ဖြစ်ပါလိမ့်မယ်၊

ကုန်သွယ်ရေးလုပ်ငန်းနဲ့လည်း ချမ်းသာမယ့်သူပါ။ တစ်ခြားဂြိုဟ်ခုံတွေနဲ့ လမ်းကြောင်းတွေမှာပါတဲ့ ကြယ်အမှတ်အသားတွေရဲ့ ဟောချက်တွေကလည်း များစွာ ရှိပါသေးတယ်။

အခုတင်ပြတာကတော့ လက်တွေ့လက္ခဏာဟောပြောမှု့ သက်တမ်းမှာ အလွန်အတွေ့များတဲ့ အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှာ ထူးခြားအမှတ်အသားများကို အကျဉ်းချုပ် တင်ပြရတာဖြစ်ပါတယ်။

ဒီအမှတ်အသားတွေရဲ့ အကျယ်တဝင့် ဖွင့်ဆိုချက်တွေဖြစ်တဲ့ ဘယ်လိုလက်ပုံစံမှာ ဘယ်လိုအားမျိုးရှိတဲ့ ဂြိုဟ်ခုံပိုင်ရှင်ရဲ့ ဘယ်နေရာမှာ ဘယ်အမှတ်အသားပါရင် ဘာဖြစ်မယ် ဆိုတာတွေ ရှိပါသေးတယ်။

အချို့သော လက္ခဏာကျမ်းများမှာ ဖော်ပြနေတဲ့ ထူးခြားအမှတ်အသားများအဖြစ် နက္ခတ်၂၇ ရဲ့ ရုပ်ပုံဏ္ဍာန်ရှိသော အမှတ်အသားများ၊ရာသီရုပ်ပုံအမှတ် အသားများ စသည်တို့ဟာ အမှန်မှာ စိတ်ကူးယဉ် ရေးသားချက်တွေသာ ဖြစ်တယ်၊ ကျွန်ုပ်လက္ခဏာဟောပြောမှုသက်တမ်းတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။

ကျွန်ုပ်၏ဆရာကြီးအပါအဝင် မိတ်ဆွေလက္ခဏာဆရာများလည်း သူတို့သက်တမ်းတစ်လျှောက် မတွေ့ဖူးကြပါဘူး။ အခုကျွန်ုပ်တင်ပြတဲ့ အမှတ်အသားတွေသာ တွေ့ရတာဖြစ်ပြီး အမှတ်တစ်ကယ်လည်း လူ့ဘဝကို စိုးမိုးကြပါကြောင်း တင်ပြရပါတယ်။

Credit ကင်္ကသူ