ဆား ခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ်။ ဆားခါးမှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့
အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေပါဝင်ပါတယ်။
ဆားခါးဟာ နှင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက အပင် ခြေကနေ ပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်း အထောက်အကူပေးပါတယ်။
ဒါ့အပြင် အရွက်တွေ ပိုမိုရင့် မှောင်စေဖို့ အတွက် ကလိုရိုဖီးလ်ကိုလည်း တိုးမြှင့်ထုတ်လုပ်ပေးပါတယ်။ သီးနှံစိုက်ပျိုးရေးမှာ ဆားခါးကို အသုံးပြုခြင်းအားဖြင့် မျိုးစေ့တွေကို
အညှောင့်ပေါက်ကောင်းမွန်စေခြင်း၊ အပင်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ် စုပ်ယူမှုတိုးမြှင့်စေခြင်း၊ အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးခြင်း၊ အရွက်များကို
ပိုမိုစိမ်းစေခြင်း၊ ပိုးမွှား ကျရောက်ဖျက်ဆီးမှုကို ဟန့်တားပေးခြင်း၊ အသီးအရသာကို ပိုမိုကောင်းမွန်စေခြင်း၊ အပင်ကြီးထွားမှု မြန်ဆန် စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်..။
ဒီလိုပဲ နှင်းဆီစိုက်ပျိုးရေးမှာ ဆားခါးအသုံးပြုခြင်းအားဖြင့် အပင်တွေကို ပိုမိုစိမ်းလန်းစေပြီး၊ ပန်းပွင့်များများပွင့်စေတဲ့အပြင် ပန်းပွင့်အရောင်အသွေးတွေကိုလည်း ပိုမို တောက်ပစေပါတယ်။
ဒါ့အပြင် ပန်းပွင့်အရွယ်အစားကိုလည်း ပိုမိုကြီးမားစေပြီး နှင်းဆီပင်အတွက် အကျိုး ပြုပေးတဲ့ ဆားခါး အသုံးပြုခြင်းကို မျှဝေပေးလိုက်ပါတယ်ခင်ဗျ..ာ။
စတင်စိုက်ပျိုးချိန် မြေခံမှာကတည်းက အသုံးပြုနိုင်ပါတယ်။ ဆားခါးလက်တစ်ဆုပ်စာသာသာခန့်ကို စိုက်ပျိုးမယ့် အပင်စိုက်ပျိုးမယ့် ကျင်းတစ်ဝိုက်မှာ ကြဲပြီး မြေဆွပေးပါ။
ဒါမှမဟုတ် စိုက်ကျင်းထဲမှာ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်း၊ နွားချေး၊မြေဆွေးကို ကျင်းစာကျွေးထားပြီး အပင်စိုက်ပျိုးလို့လည်း ရပါတယ်။
ဆားခါးစားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီး အမြစ်စိမ်စိုက်ပျိုးနိုင်ပါတယ်။
စိုက်ပျိုးပြီးတဲ့ နှင်းဆီပင်မှာ အတက်သစ်လေးတွေထွက်လာတဲ့အချိန် ပြီးတော့ပန်းစပွင့်တဲ့အချိန်တွေမှာ ကျွေးပေးပါ။ တစ်ပေပတ်လည်မှာ စားပွဲတင်ဇွန်း (၁)ဇွန်းကို (၂)ပတ်တစ်ကြိတ် ကျွေးနိုင်ပါတယ်။
ဒီလို ကျွေးပြီးသွားရင် ရေဝအောင်လောင်းပေးဖို့လိုပါတယ်။ ဒါမှသာ အာဟာရဓာတ်တွေ ကောင်းကောင်း ပျော်ဝင်ပြီး အပင်လည်း ကောင်းကောင်းစုပ်ယူနိုင်မှာဖြစ်ပါတယ်။
ရွက်ဖျန်းအနေနဲ့ အသုံးပြုချင်ရင်တော့ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီး အပင်ခြေမှ (၁)ပေအမြင့်အတွင်းမှာ ပက်ဖျန်းပေးနိုင်ပါတယ်။
ဒါ့အပြင် အရွက်တွေ ကြီးထွားဖွံဖြိုးချိန်နဲ့ ပန်းစပွင့်တဲ့အချိန်တွေမှာ ရွက်ဖျန်းအနေနဲ့ ပက်ဖျန်း အသုံးပြုနိုင်ပါတယ်။
ဆားခါးကို အလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုး မဖြစ်နိုင်သလောက် ဆားခါးဟာ မျှတတဲ့ pH ရှိတာကြောင့် မြေဆီလွှာကို မထိခိုက်စေနိုင်ပါ။
နှင်းဆီပန်းပွင့်တဲ့အချိန်မှာ အရွက်မျက်နှာပြင်တွေမှာ အဝါရောင်အစက်အပြောက်လေးတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါ။
ဒါက အပင်မှာ မဂ္ဂနီဆီယမ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်..။ ဒီလိုပြဿာနာတွေကိုလည်း ဆားခါးအသုံးပြုပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။



