Knowledge

စက်ရေတွင်းတူးမယ်ဆိုရင် မှတ်ထားကြပါ…ရေ ရှိ/မရှိ၊ ရေချို/ရေငန် ရေတိမ်/ ရေနက်လား ဒီလို ခန့်မှန်းနိုင်ပါတယ်.

စက်ရေတွင်းတူးမယ်ဆိုရင် မှတ်ထားကြပါ…ရေ ရှိ/မရှိ၊ ရေချို/ရေငန် ရေတိမ်/ ရေနက်လား ဒီလို ခန့်မှန်းနိုင်ပါတယ်.. ။

စက်ရေတွင်း တူးရာ၌ ရေ-ရှိ,မရှိ၊ ရေ-နည်း,ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကိုဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့် အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ မရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်

အနီးအနားတွင် ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ် ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်း သိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်

အနီးအနားတွင် ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ် တိုနေသည်ကိုတွေ့ရပါက ။ရေတိမ် ရေနည်းသည်ဟု ခန့်မှန်း သိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ် ရှည်နေပါက ရေနက် ရေဝေးသော သဘောဟု ခန့်မှန်း သိရှိနိုင်၏။

ကျောက်ဆောင် ရှိ/မရှိ

အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ် တို့သည် ကြုံလှီ ပုကျစ်၍ တွန့်လိမ် ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင် ရှိကြောင်း ခန့်မှန်း သိရှိ နိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်း အနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

ရေတွင်းတူးမည့် နေရာရှိ သစ်ပင်တို့သည် တစ်ခြမ်းက အနာဆာ ကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန် ရေချို တစ်ခြမ်းစီ ရောစပ်နေသော နေရာဟု ခန့်မှန်း သိရှိနိုင်သည်။

တနည်စမ်းသပ်ပုံမှာ-

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။ နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ် ရေနည်းသည် ဟု ခန့်မှန်းသိရှိနိုင်ပြီး

အနည်းငယ်သာ စို၍ ချိုး(ဂျိုး) ကွာမကျလျင်က ရေဝေး ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။ ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်း သိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit