ဆရာကြီး အဘမင်းသိခ်ရဲ့ ကလေး အမည်ပေး ကင်ပွန်းတပ်နည်း-
ဆရာကြီး အဘမင်းသိခ် ကိုယ်တိုင် အသုံးပြုခဲ့တဲ့ အလွန်မတန်မှကောင်းတဲ့ ကလေး အမည်ပေးကင်ပွန်းတပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
တချို့တွေက ကလေးတွေရဲ့နာမည်ကို အလွယ်ပေးတတ်ကြတယ်။ အဲ့လို အလွယ်မပေးစေချင်ဘူး.. ။
ဘာဖြစ်လို့လဲဆိုတော့ ကံနည်းတဲ့သူမှာ ဉာဏ်လေးနည်းနည်းပိုစိုက်လိုက်ရင် သူဘဝရှေ့ရေးအတွက် ပိုကောင်းသွားစေချင်လို့ပါ။
ကံရှိတဲ့သူကတော့ ဉာဏ်သိပ်မထည့်လဲကံကောင်းနေတော့ သူဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်တယ်လို့ထင်တယ်။
နာမည်းပေးနည်းလေးကတော့ အလွန်မတန်မှကောင်းတဲ့နည်းလေးပါ။ ဆရာကြီး အဘမင်းသိခ်လည်း ဒီနည်းအတိုင်ပဲပေးတာများပါတယ်။
ကုန်ဘောင်ခေတ်မှာအလွန်ကျော်ကြားတဲ့ အတုလ ဆရာတော်ခင်ကြီးဖျော်ရဲ့ နည်းပါ။

တနင်္ဂနွေသားသမီးများ အတွက် ပုံစံ (၅ – ၆ – ၂)
ကြာသပတေး အက္ခရာဖြင့်စပါ၊ သောကြာအက္ခရာကို အလယ်မှာထားပါ။ တနင်္လာ အက္ခရာကို အဆုံးတွင်ထားပါ။ ဥပမာ – မိုးဟေကို ၊ မေသုခ ၊ ပြည်သိန်းကျော် စသည်ဖြင့် ပေးရပါသည်။
တနင်္လာသားသမီးများအတွက် ပုံစံ (၆ – ၀ – ၃)
သောကြာ အက္ခရာဖြင့် စပါ၊ စနေ အက္ခရာကို အလယ်မှာ ထားပါ။ အင်္ဂါ အက္ခရာကို အဆုံးတွင် ထားပါ။ ဥပမာ – သူထူးစံ၊ သွန်းနဒီစံ၊ သက်နှင်းစံ၊ သော်တာစိုးစံ စသည်ဖြင့်ပေးနိုင်ပါသည်။
အင်္ဂါသားသမီးများအတွက် ပုံစံ (၀ – ၁ – ၄)
စနေ အက္ခရာဖြင့် စပါ၊ တနင်္ဂနွေ အက္ခရာကို အလယ်မှာ ထားပါ။ ဗုဒ္ဓဟူး အက္ခရာကို အဆုံးတွင် ထားပါ။ ဥပမာ – နှင်းအိလွင်၊ ထူးအယ်လင်း၊ ထွန်းအောင်လူ၊ နဒီအေးလွင် စသည်ဖြင့်ပေးနိုင်ပါသည်။
ဗုဒ္ဓဟူးသားသမီးများအတွက် ပုံစံ (၁ – ၂ – ၅)
တနင်္ဂနွေ အက္ခရာဖြင့် စပါ၊ တနင်္လာ အက္ခရာကို အလယ်မှာ ထားပါ။ ကြာသပတေး အက္ခရာကို အဆုံးတွင်ထားပါ။ ဥပမာ – အေးချမ်းမေ၊ အိချမ်းမြေ့၊ အောင်ခေတ်ပိုင်၊ အိချောပို စသည်ဖြင့်
ကြာသပတေးသားသမီးများအတွက် ပုံစံ (၂ – ၃ – ၆)
တနင်္လာအက္ခရာဖြင့် စပါ၊ အင်္ဂါ အက္ခရာကို အလယ်မှာ ထားပါ။ သောကြာ အက္ခရာကို အဆုံးတွင် ထားပါ။ ဥပမာ – ခန့်စည်သူ ၊ ချောဇင်သန့်၊ ကောင်းစည်သူ၊ ငြိမ်းစုဟေသီ စသည်ဖြင့်
သောကြာသားသမီးများအတွက် ပုံစံ ( ၃ – ၄ – ၀ )
အင်္ဂါ အက္ခရာဖြင့် စပါ၊ ဗုဒ္ဓဟူး အက္ခရာကို အလယ်မှာ ထားပါ။ စနေ အက္ခရာကို အဆုံးတွင်ထားပါ။ ဥပမာ – ဇော်ရဲထက်၊ စုလှိုင်နှင်း၊ ဇူလိုင်နှင်း၊ စောယုနွယ်၊ ဇေယျာနိုင်၊ ဇင်ယော်နီ စသည်ဖြင့်
စနေသားသမီးများအတွက် ပုံစံ ( ၄ – ၅ – ၁)
ဗုဒ္ဓဟူး အက္ခရာဖြင့် စပါ၊ ကြာသပတေး အက္ခရာကို အလယ်မှာ ထားပါ။ တနင်္ဂနွေ အက္ခရာကို အဆုံး တွင် ထားပါ။ ဥပမာ – ယဉ်မင်းဦး၊ ရွှေယမင်းဦး၊ ၀င့်ဝါမိုးဦး၊ ရဲမာန်ဦး၊ လူမင်းဦး၊ လွင်မိုးအောင်
တစ်ခုပြောချင်တာက လူတစ်ယောက်ကိုနာမည်ပေးတဲ့အခါမှာ ဗေဒင်နှင့်ကိုက်အောင် ချဉ်းပဲလဲ ပေးလို့ မဖြစ်ဘူး။
ဗေဒင်ကို လုံးလုံး မစဉ်းစားပဲနဲ့လည်း ပေးလို့မဖြစ်ဘူး။ အဲဒီတော့ ဗေဒင်သဘောလဲ ပါပါစေ။ ခေါ်လို့ ကောင်းအောင်လည်းဖြစ်ပါစေ၊ ခေတ်ကာလနဲ့လည်းလိုက်လျော ညီထွေဖြစ်ပါစေ။
မှတ်ချက်။ မည်သူမဆို မိမိတို့၏ သားသမီးရင်သွေးရတနာ များကို အမည်ပေးရန်အတွက်ပဲ ဖြစ်ဖြစ် ၊ အနုပညာလုပ်ငန်းနှင့်အခြားသော လုပ်ငန်းဆောင်တာများတွင် အသုံးပြုရန်ဖြစ်စေ အမည်ပေးလိုပါက အထက်ပါ နည်းအတိုင်း စိတ်ချယုံကြည်စွာပေးနိုင်ပါသည်။
>>>>>ခရစ်ဒစ်မူရင်း<<<<<



