အမျိုးသမီးတိုင်း သိထားသင့်တဲ့…” ရင် ၃ ရင် နဲ့ စီ ၃ စီ”
မင်္ဂလာပါ အမျိုးသမီးတို့… အမျိုးသမီးတိုင်း ကိုယ်ပိုင် ဝင်ငွေရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တွေရဲ့ ဝင်ငွေနဲ့ စီးပွားရေးကတော့ မကောင်းပါဘူးလို့ တွေးနေမိရင်လည်း ” ပန်းတိုင်ရောက်နေသူတွေရဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာတွေ ရှိစမြဲ” ဆိုသလို ကျရှုံး
ခြင်းတွေ ကျော်ဖြတ်နိုင်မှ အောင်မြင်ခြင်း လမ်းစကို ဆုတ်ကိုင် နိုင်မှာပါ။
ဆယ်ကျော်သက် မိန်းကလေးတွေ။ အိမ်ထောင်ပြုတော့မယ့် အမျိုးသမီးတွေ။ အိမ်ရှင်မတွေ။ ကလေးအမေတွေ။ လူလွတ်တွေ အားလုံး ဝင်ငွေရှိနေဖို့တော့ လိုနေပါပြီနော်။
ကိုယ်ပိုင်ဝင်ငွေ ဆိုတာ နည်းတယ် များတယ် ရွေးချယ်စရာ မလိုပါဘူး။ ဒီနှစ် နည်းနေရင် နောက်နှစ် ပိုများလာမယ်။ နောက်နှစ် နောက်နှစ်များစွာကို ဖြတ်သန်းပြီးရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိလာမှာမို့ ဒီနေ့လုပ်ရမယ့် အလုပ်က ဝင်ငွေတစ်ခု ရှိနေဖို့ ပါပဲ။
ကျွန်မပြောနေတာ ကိုယ်ပိုင် ဝင်ငွေနော်… ရော့ ခဏယူ မရှိတဲ့ အခါ ပြန်ပေးဆိုတဲ့ ” မြင်သာမြင် မကြင်ရ ” ငွေမဟုတ်ဘူး။ ရော့ ရသမျှလစာ အကုန်ပဲ။ ကျန်တာ ကြည့်စီစဉ် ဆိုတဲ့ ” စိုက်သုံး” ငွေ မဟုတ်ဘူး။
ရော့ မွေးနေ့လက်ဆောင် ဆွဲကြိုး ၊ နောက်မှ အပေါင်ဆိုင်ပို့မယ် ဆိုတဲ့ ” ငွေယား” မဟုတ်ဘူး..။
ကိုယ်ကြိုက်မိတဲ့ ပစ္စည်း မှန်သမျှ ဝယ်နိုင်မယ်။ ကိုယ့်သားသမီးအတွက် လိုအပ်တာမှန်သမျှဝယ်နိုင်မယ်။ ကိုယ့်မိဘအတွက် စိတ်ထဲရှိတိုင်း ကန်တော့နိုင်မယ်။ နောက်ဆုံး… လောကကြီးမှာ ရှင်သန်နေရတဲ့ တန်ဖိုး ဆိုတာ တစ်ခုကို ပြသနိုင်မယ့် ကိုယ်ပိုင်ဝင်ငွေ တစ်ခု။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဝင်ငွေရှိဖို့ အလုပ်လုပ်တယ် ဆိုတာ ကျွန်မအတွက် လုံးဝ မဖြစ်နိုင်ဘူ..း ဆိုရင်လည်း တခုတော့ မှတ်ထား လိုက်ပါ။
ဘယ်မိန်းမမှ သာသာယာယာနဲ့ ကံတွေဇွတ်ကောင်းလွန်းလို့ ဝင်ငွေရှိနေကြတာ မဟုတ်ပါဘူး ဆိုတာ ကိုပါ။
အိမ်ထောင်ရှင် မိန်းမတယောက် အလုပ်လုပ်ဖို့အတွက်… ရင် ၃ ရင် နဲ့ စီ ၃ စီ လိုမယ် အကြမ်း မှတ်ထားလိုက်။
ပတ်ဝန်းကျင်ကို ရင်ဆိုင်ရတယ်။ ယောကျားတွေကို ရင်ဆိုင်ရတယ်။ လင်ကို ရင်ဆိုင်ရတယ်။
သားသမီးအတွက် စီမံ ခန့်ခွဲရတယ်။ အချိန်ကို စီမံ ခန့်ခွဲရတယ်။ ငွေကို စီမံ ခန့်ခွဲတတ်ရတယ်။
ဒီတော့… စဉ်းစားဆုံးဖြတ်ပီး ကိုယ့်အနာဂတ်ကိုယ် သေသေချာချာ ရွေးချယ်ပါနော်။ အလုပ်လုပ်တယ် ဆိုတာ ဓာတ်ပုံထဲမှာတော့ သာသာယာယာပဲ ရှင့်။
နေ့စဉ် ဘဝမှာတော့… ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို နေ့တိုင်းစမ်းသပ် အဖြေထုတ်နေရတဲ့ ဓာတ်ခွဲခန်း တစ်ခုလို ပါပဲ။
ကိုယ့်ဘဝအတွက်… စမ်းသပ်ခန်း အဖြေက မကောင်းဘူးလား။ အနည်းဆုံး ကုသဖို့ နည်းလမ်း တွေ့နိုင် ပါတယ်နော်။
ဒီလိုမှ မဟုတ်။ ကိုယ့်အဆင့်က အဖြေ ရှာမတွေ့တဲ့ အခြေအနေ ဆိုရင်တော့…သူငယ်ချင်းရေ ရှင် အနာဂတ်က လမ်းပျောက်နေတာ သေချာနေပြီပေါ့ရှင်။
ပြန်လည်မျှဝေပါသည်…မူရင်းရေးသားသူ KYIKYI အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။#Crd