လျှပ်စစ်ဒယ်အိုးများ အသုံးပြုတဲ့အခါ သတိပြုရမည့် အချက်လေးများ
အိမ်တွေမှာ အသုံးများလာတဲ့ အနီရောင်လျှပ်စစ်ဒယ်အိုးများ
ဒီတစ်ခါ မျှဝေပေးချင်တာကတော့ ရောဂါတွေ အကြောင်း မဟုတ်ဘဲ အစားအသောက် ချက်ပြုတ်ရာမှာ အသုံးများလာတဲ့ အိမ်သုံး
လျှပ်စစ်ဒယ်အိုးများ (အနီရောင်) အကြောင်း ဖြစ်ကြပါတယ်။
ယနေ့ခေတ်က တိုးတက်လာတဲ့အတွက် နည်းပညာများကလည်း ဆန်းသစ်လာတယ်။ လူတွေကလည်း အလုပ်တွေနဲ့ မအားမလပ် ဖြစ်လာတဲ့အခါ အဆင်သင့်ဖြစ်တာတို့၊ အမြန်ဆုံးရတာတို့ ကို ပိုပြီး အလေးထားလာကြပါတယ်။
ဒီလိုအကြောင်းရင်းတွေကြောင့် ကျွန်တော်တို့ သတိမထားမိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာပြီး ကျန်းမာရေးအတွက် ဂရုစိုက်သင့်တာတွေ သိထားရပါမယ်။
အခုပြောပြပေးမှာက အိမ်တော်တော်များများရဲ့ မီးဖိုခန်းမှာ အသုံးများလာတဲ့ အနီရောင် လျှပ်စစ်ဒယ်အိုးတွေ (Electric Frying
Pan) အသုံးပြုတာနဲ့ ပတ်သက်တဲ့ သတိထားသင့်တာလေးတွေကို မျှဝေပေးပါ့မယ်။
အဲ့ဒီ ဒယ်အိုးတွေကို တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေကနေ အဓိက တင်သွင်းကြတာကို တွေ့ပါတယ်။
စျေးကွက်ထဲမှာ
Stainless Steel နဲ့ပြုလုပ်ထားတယ်လို့ ဆိုတဲ့ လျှပ်စစ်ဒယ်အိုး နဲ့ အိုးမကပ်အောင် (Non-stick Pan) ပြုလုပ်ထားတဲ့ လျှပ်စစ်ဒယ်အိုး (အမည်းရောင်)ဆိုပြီး (၂) မျိုးလာတာ တွေ့ရပါတယ်။
Stainless Steel နဲ့ပြုလုပ်ထားတယ်လို့ ဆိုတဲ့ လျှပ်စစ်ဒယ်အိုးများ
ဒီဒယ်အိုးတွေကတော့ အစောပိုင်းက စျေးကွက်ထဲ ဝင်လာတဲ့ အမျိုးအစားဖြစ်ပြီး စျေးနှုန်း သင့်တင့်မှုနဲ့ အသုံးပြုရတာလွယ်ကူမှုတို့ကြောင့် လူသုံးများခဲ့ပါတယ်။
အပူချိန် (၃၀၀’C) ကျော်အထိကို အချိန်တိုနဲ့ ရနိုင်တာကြောင့် ဟင်းချက်ရမှာ မြန်ဆန်ပါတယ်။အပူချိန် များများနဲ့ ကြော်ရမယ့် အစားအစာတွေဆိုရင် ဒီလို ဒယ်အိုးမျိုးက ပိုပြီး သင့်တော်ပါတယ်။
ဒါပေမယ့် ဆီနည်းနည်းနဲ့ အသုံးပြုပြီး ချက်ပါက တူးခြင်း၊ အိုးမှာကပ်ခြင်း တို့ကြောင့် ဆီများများသုံးရပါတယ်။အိုးမှာကပ်တဲ့အတွက်ကြောင့် ဆေးကြောတဲ့အခါ ခက်ခဲပါတယ်။ ဒါ့အပြင် ဒယ်အိုး နဲ့ လျှပ်စစ်ဝါယာတွေ တွဲနေတာဖြစ်လို့ “ဝါယာလျော့ခ်” ဖြစ်ပြီး ဓာတ်လိုက်ခြင်း မဖြစ်အောင် အိုးအောက်ပိုင်းကို ရေမဝင်စေရန် သတိထားရပါတယ်။
အိုးကိုဆေးကြောတဲ့အခါမှာတော့ စတီးအိုးတိုက်ဖတ် နဲ့ သေချာတိုက်ချွတ်ဆေးကြောနိုင်ပါတယ်။
အိုးမကပ်အောင် (Non-stick Pan) ပြုလုပ်ထားတဲ့ လျှပ်စစ်ဒယ်အိုး (အမည်းရောင်)
အပေါ်ကပြောခဲ့တဲ့ Stainless Steel နဲ့ပြုလုပ်ထားတယ်လို့ ဆိုတဲ့ လျှပ်စစ်ဒယ်အိုးတွေမှာ ဖြစ်တတ်တဲ့ အိုးကပ်ခြင်းကို မကြိုက်တဲ့သူတွေအတွက် အိုးမကပ်အောင် ဆိုပြီး Non-stick ဒယ်အိုးတွေကို ထုတ်လုပ်လာကြပါတယ်။
ဟင်းချက်တဲ့အခါ အိုးမကပ်စေဖို့အတွက် Teflon၊ Silicone၊ Ceramic စတဲ့ သတ္တုလွှာတွေ သုတ်ပြီး ထုတ်လုပ်ကြတာဖြစ်ပါတယ်။အများစုမှာတော့ Non-sticking အလွှာအဖြစ် Teflon ကို အသုံးများပါတယ်။
Teflon or Polytetrafluroethylene (PTFE) ကို အရင်ကတော့ Perfluorooctanoic Acid (PFOA) ကနေတဆင့် ထုတ်လုပ်ရပါတယ်။
နောက်ပိုင်းမှာတော့ PFOA သည် ကင်ဆာဖြစ်စေတာကို တွေ့ရှိလို့ အခုထုတ်လုပ်တဲ့ အိုးမကပ်အောင် (Non-stick Pan) ပြုလုပ်
ထားတဲ့ လျှပ်စစ်ဒယ်အိုးတွေမှာ PFOA Free ဆိုပြီး ကပ်ကာ PFOA ကို အသုံးမပြုကြတော့ပါဘူး။
ဒါကြောင့် ဒီလို ဒယ်အိုးမျိုးတွေ ဝယ်တဲ့အခါ “PFOA Free” လို့ စာတမ်းပါ/မပါ ကို သေချာ စစ်ဆေးရမှာ ဖြစ်ပြီး စျေးနှုန်းချိုသာတာကို မကြည့်ဘဲ အမှန်တကယ် အမျိုးအစားကောင်းတဲ့ ပစ္စည်းကို အသုံးပြုရမှာ ဖြစ်ပါတယ်။
အိုးမကပ်အောင် (Non-stick Pan) ပြုလုပ်ထားတဲ့ လျှပ်စစ်ဒယ်အိုးတွေရဲ့ အားသာချက်က အိုးမကပ်တဲ့အတွက် ဆီနည်းနည်းနဲ့ ချက်လို့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အပူချိန် (၃၀၀’C) အထက်မှာတော့ အသုံးမပြုသင့်ပါ။ မီးအေးအေးနဲ့ ချက်တာတွေမှာသာ အသုံးပြုသင့်ပါတယ်။ အပူချိန် (၃၀၀’C) ကျော်သွားရင် Non-sticking အလွှာရှိ Teflon တွေ စတင်ပြိုကွဲလာကာ အန္တရာယ်ရှိ အငွေ့များ စထွက်လာမှာဖြစ်ပါတယ်။
အဲ့ဒီအငွေ့တွေသည် ကျန်းမာရေးအတွက် မကောင်းတဲ့အပြင် အချိန်ကြာမြင့်စွာ ရှူမိပါက “တုပ်ကွေးမိသကဲ့သို့ ရောဂါလက္ခဏာများ” (Flu-like Symptoms) ခံစားရနိုင်ပါတယ်။
အချို့သော အမျိုးအစားကောင်းတဲ့ ဒယ်အိုးတွေမှာတော့ အပူချိန် ၃၀၀’C ထက်ကျော်ပြီး တင်လို့မရအောင် ထုတ်လုပ်ထားတာမို့ သိပ်ပြဿနာမရှိပေမယ့် အချို့သော ဒယ်အိုးတွေမှာက အပူချိန် ၄၅၀’C အထိ တင်လို့ရတာတွေ ရှိလို့ အထူးသတိထားရပါမယ်။
အိုးမကပ်အောင် (Non-stick Pan) ပြုလုပ်ထားတဲ့ လျှပ်စစ်ဒယ်အိုးများ (အမည်းရောင်) အသုံးပြုရာတွင် အောက်ပါအချက်များကို သတိပြုပါ။
ဆီ နဲ့ ချက်ပြုတ်မယ့် အစားအစာများ မထည့်ဘဲ ဒယ်အိုးကို ကြိုတင်အပူပေးခြင်းကို ရှောင်ကြဉ်ပါ။ (ဒယ်အိုးအလွတ်ကို အပူပေးလိုက်တဲ့အခါ အပူချိန် ၃၀၀’C ကျော်သွားရင် Teflon အလွှာတွေ အရည်ပျော်နိုင်ပါတယ်။ အဲ့ဒါဆိုရင် ချက်မယ့်ဟင်း/အစားအသောက်တွေထဲပါသွားကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။)
ဟင်းချက် / အစားအသောက်ပြင်ဆင်တဲ့အခါ မီးဖိုခန်းမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ထားရပါလိမ့်မယ်။ (အိုးကို အပူပေးလို့ ထွက်လာတဲ့ အငွေ့တွေကြောင့် အသက်ရှူလမ်းကြောင်းကို အန္တရာယ် ပေးနိုင်လို့ ဖြစ်ပါတယ်။)
ဒီလို ဒယ်အိုးမျိုးကို အသုံးပြုချက်ပြုတ်တဲ့အခါ ဟင်းမွှေတဲ့ဇွန်းသည် စတီးဇွန်းမသုံးဘဲ သစ်သားဇွန်းကို အသုံးပြုရပါမယ်။ (စတီးဇွန်းသုံးပြီး ဟင်းကိုမွှေတဲ့အခါ အားနည်းနည်း ပါးသွာရင် Teflon အလွှာတွေ ကွာကျကာ အရည်ပျော်နိုင်ပါတယ်။
အဲ့ဒါဆိုရင် ချက်မယ့်ဟင်း/အစားအသောက်တွေထဲပါသွားကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။)
ဟင်းတွေ ချက်ပြုတ်ပြီးနောက် ဒယ်အိုးကို ဆေးတဲ့အခါမှာလည်း အိုးတိုက်ဖတ်ကြမ်းကြမ်းနဲ့ ပွတ်ပြီးဆေးလို့မရပါဘူး။ (ခပ်ကြမ်းကြမ်း ပွတ်ပြီးဆေးလိုက်ရင် Teflon ပါတဲ့ အမည်းရောင် အလွှာတွေ ကွာကျနိုင်လို့ပါ)။ ဒါကြောင့် ဖော့နဲ့လုပ်ထားတဲ့ ပန်းကန်ဆေး
ဖတ် နဲ့သာ ညင်ညင်သာသာ ဆေးကြောရပါမယ်။
အပေါ်မှာ ပြောပြခဲ့တဲ့ ဒယ်အိုးအမျိုးအစား (၂) မျိုးလုံးသည် သူ့နေရာ နဲ့သူ ကောင်းကျိုး၊ ဆိုးကျိုး တွေ ရှိတာမို့ စနစ်တကျ ရွေးချယ် အသုံးပြုသင့်ပါတယ်။
စျေးကွက်ထဲမှာရှိတဲ့ အခြားသော အိုးမကပ်အောင်လုပ်ထားတဲ့ (Non-sticking) မီးဖိုခန်းသုံးပစ္စည်းတွေကို အသုံးပြုရာမှာလည်း အပေါ်မှာ ပြောခဲ့သလိုပဲ သတိထား အသုံးပြုရမှာ ဖြစ်ပါတယ်။
တခါတလေမှာ သတိမထားမိတဲ့ အချက်လေးတွေက ကိုယ့်ကျန်းမာရေးကို မသိမသာ ထိခိုက်နေနိုင်တာကြောင့် ကျွန်တော့စာဖတ် ပရိသတ်များ သိရှိပြီး သတိထားဆင်ခြင်နိုင်အောင် မျှဝေပေးလိုက်ရပါတယ်။
ဒေါက်တာစိုးသီဟမောင်
HealthKnowledge