ပြီးခဲ့တဲ့ သြဂုတ်လက တောက်လျှောက် အတက်ပြခဲ့တဲ့ ပြည်တွင်းရွှေဈေးနဲ့ နိုင်ငံခြားငွေဈေးတွေဟာ
အခု စက်တင်ဘာထဲမှာတော့ တရိပ်ရိပ် ပြန်ကျလာတာ တွေ့ရပါတယ်။
သြဂုတ်အတွင်း တစ်ကျပ်သားကို ကျပ် သိန်း ၄၀ နားအထိ မြင့်တက်ခဲ့တဲ့ ရွှေဈေးဟာ
အခုတော့ ကျပ် ၃၄ သိန်းကျော်ကျော်သာ ရှိတော့ပြီး ကျပ် ၅ သိန်းခွဲလောက် ပြန်ကျလာပါတယ်။
အလားတူ ပြင်ပဒေါ်လာဈေးကလည်း သြဂုတ်လမှာ တစ်ဒေါ်လာကို ကျပ် ၃၉၀၀ ကျော်ထိ ရှိခဲ့ရာက အခု ကျပ် ၃၃၀၀ ဝန်းကျင်သာ ရှိတော့တာကြောင့် ကျပ် ၆၀၀ ကျော် ပြန်ကျလာပါတယ်။
ဒေါ်လာဈေးနည်းတူ ထိုင်းဘတ်ငွေဈေးကလည်း အရင်လက တစ်ဘတ်ကို ကျပ် ၁၀၀ အထက် မြင့်တက်ခဲ့ရာကနေ အခု ၉၁ – ၉၃ ကျပ် ဝန်းကျင်ကို ပြန်ကျလာပါတယ်။
အခုလို ရွှေဈေးတွေ ပြန်ပြုတ်ကျလာတာဟာ ရွှေသမားတွေကို စစ်ဆေးမေးမြန်းမှုကြောင့် မဟုတ်ဘဲ ဒေါ်လာဈေး ပြန်ကျလာလို့သာ ရွှေဈေး လိုက်ကျရတာ ဖြစ်တယ်လို့ သိရပြီး ရွှေဈေး ဆက်ကျ၊ မကျ ဆိုတာကတော့ ဒေါ်လာဈေးပေါ်သာ မူတည်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
အရင်လက ကျပ်နှစ်သောင်းတန်ကိစ္စနဲ့ စင်ကာပူ UOB ဘဏ် သတင်းတွေကြောင့် ရွှေနဲ့ ဒေါ်လာတွေ တဟုန်ထိုး ဈေးခုန်တက်တာမျိုး ဖြစ်ခဲ့ပြီး အခုတော့ ရွှေဈေး၊ငွေဈေး ကစားသူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေနဲ့အရောင်းအဝယ် ရပ်တန့်သလောက် ဖြစ်နေတာတွေကြောင့် ရွှေဈေး၊ ငွေဈေးတွေ ပြန်ကျလာတာလို့ သိရပါတယ်။