Knowledge

မိခင်တစ်ဦးပြောပြခဲ့တဲ့ လူတိုင်းလုပ်နိုင်မယ့် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးပိုက်ဆံစုနည်း…

မိခင်တစ်ဦးပြောပြခဲ့တဲ့ လူတိုင်းလုပ်နိုင်မယ့် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးပိုက်ဆံစုနည်း

ကျွန်တော်တို့ အများစုအတွက် ပိုက်ဆံစုခြင်းဆိုတာ စွမ်းဆောင်ဖို့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်နေနိုင်ပါတယ်။

ဟုတ်ပါတယ် .. ပိုက်ဆံစုဖို့တော့ လူတိုင်းကြိုးစားကြဖူးတာပေါ့။ ဒါပေမယ့် မသုံးမဖြစ်ဆိုတဲ့ အသုံးစရိတ်တွေအတွက်ရော ၊

ဆန္ဒမထိန်းနိုင်တဲ့ ဝယ်ချင်ခြမ်းချင်စိတ်တွေကြောင့်ရော ပိုက်ဆံစုဖို့ အိပ်မက်လေးတွေ အကောင်အထည်မပေါ်

တတ်ပါဘူး။

အမေရိကန်နိုင်ငံက ကလေးနှစ်ယောက်မိခင် မေရီဖရန်ကလင်လည်း အဖြစ်တူပါပဲ။ ကလေးနှစ်ယောက်ကျောင်းစရိတ်နဲ့ အိမ်စရိတ်တွေကို

သေချာ လိုက်မမှတ်တော့ဘဲ သုံးမိနေရာက ပိုက်ဆံစုဖို့ အဖတ်မတင်ဖြစ်နေခဲ့တဲ့ သူမကတော့ တစ်နေ့မှာ အိုင်ဒီယာတစ်ခုရခဲ့ပါတယ်။

(၅)ဒေါ်လာနည်းလမ်း

သူမရဲ့ နည်းလမ်းကတော့ ရှင်းပါတယ်။ အကြွေ (၅)ဒေါ်လာလောက်ရတိုင်း အမြဲသိမ်းထားလိုက်တာပါ။

သုံးစွဲဝယ်ယူမှုတွေကနေ ရလာတဲ့အကြွေ (၅)ဒေါ်လာစီကို နေ့စဉ်စုစုထားခဲ့ရင်း သူမရဲ့ ကလေးတွေအတွက် ပိုက်ဆံစုတာ ခရီးရောက်လာခဲ့ပါတယ်။

တစ်ခုခုဝယ်ပြီးလို့ (၅)ဒေါ်လာ ပြန်အအမ်းခံရတိုင်း အဲဒီ့ပိုက်ဆံကို ဘယ်အတွက်မှ မသုံးမိတော့အောင် သူမရဲ့ ပိုက်ဆံအိတ် အကန့်တစ်ခုထဲမှာ ဖွက်ထားလိုက်ပါတယ်။

ပိုက်ဆံအိတ်ထဲကနေ စာအိတ်အထိ ဖြစ်လာပြီး ဘဏ်အကောင့်ထဲကို ထည့်ရတဲ့အထိ ဖြည်းဖြည်းချင်းများလာခဲ့ပါတယ်။

အစပိုင်းမှာ ဒေါ်လာရာကျော်ကနေ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ဒေါ်လာ (၂၀၀၀)ဖြစ်လာခဲ့ပြီး (၁၃)နှစ်ကြာစုပြီးနောက်မှာတော့ ကန်ဒေါ်လာ (၅)သောင်းကျော်ရနေခဲ့ပါပြီ။

သူမရဲ့ နည်းလမ်းကို ဘယ်လိုလိုက်လုပ်မလဲ

သူမရဲ့ ပိုက်ဆံစုနည်းဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကို ကျွန်တော်တို့အားလုံးအတွက် မေရီက ဝေမျှခဲ့ပါတယ်။

တစ်ပတ်စာ သုံးလို့လောက်မယ့် ငွေပမာဏကို ဆောင်ထားပါ။ ပြီးရင် တစ်ပတ်အတွင်း အဲဒီ့ထဲက အတန်ကြီး (ဥပမာ ဒီမှာဆို ငါးထောင်တန်လောက်လည်းဖြစ်ပါတယ်) တွေကို ဘာဝယ်ဝယ် ထုတ်သုံးပါ။

ပြန်အမ်းမယ့် တစ်ထောင်တန်တွေနဲ့ ငါးရာတန်လေးတွေကို သူမ ပြောသလို ပြန်မသုံးမိအောင် စုထားပါ။ ဒီလိုနဲ့ ပိုက်ဆံအဝင်အထွက်တွေကပဲ သင့်ပိုက်ဆံစုခြင်းကို ရုပ်လုံးပေါ်လာစေပါလိမ့်မယ်။

အခြားပိုက်ဆံစုနည်းတွေလည်း ရှိပါတယ်။ ဥပမာ ပထမဆုံးတစ်ပတ်မှာ အနည်းဆုံးက စပြီး တဖြည်းဖြည်းတိုးတိုးသွားတဲ့နည်းပါ

အဲဒီ့နည်းကတော့ ကြာလာတာနဲ့အမျှ ဝန်ပိုလာစေလို့ မေရီကတော့ အားသိပ်မပေးကြောင်း ဆိုပါတယ်။

အခုပိုက်ဆံစုနည်းကို သိသွားပြီဆိုတော့ လိုက်လုပ်ဖို့ အကျင့်ဖြစ်အောင် လုပ်ကြရပါမယ်။ သူမရဲ့နည်လမ်းကို လိုက်လုပ်ရာမှာလည်း နှစ်လအနည်းဆုံးလုပ်ပါ။

လူတစ်ယောက်က အကျင့်တစ်ခုဖြစ်ဖို့ အနည်းဆုံး (၆၆)ရက် ကြာတာကြောင့်ပါ။ အဲဒီ့နောက်ပိုင်းမှာတော့ သင့်အတွက် ပိုက်ဆံဆက်စုဖို့ လွယ်ကူသွားပါလိမ့်မယ်။