News

ကမ္ဘာ့ရွှေဈေး သုံးလအတွင်း အမြင့်ဆုံး ရောက်ပြီး မြန်မာ့ရွှေဈေးလည်း လိုက်တက်….

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေ အရှိန် ပြင်းထန်လာချိန်မှာ အမေရိကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်း မြှင့်တင်ရေးကို အဆုံးသတ်တော့မယ့် အရိပ်အယောင် ပြသလာတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးဟာ သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၀ ၊ ၂၀၂၃ (သောကြာနေ့) နေ့ခင်းပိုင်း ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၇၈ ဒေါ်လာအထက် ဖြစ်လာတဲ့အတွက် ဇူလိုင် ၂၀ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း တစ်အောင်စကို ၁၉၈၉.၉၀ ဒေါ်လာ ရှိနေပြီး ဝ.၅ % မြင့်လာပါတယ်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခဟာ ဒေသတွင်းအထိ ကျယ်ပြန့်လာနိုင်တဲ့အတွက် ရင်းနှီးမြှပ်နှံသူတွေက ရွှေကို အဝယ်လိုက်နေပြီး ဒီအပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးက ၂.၄ % မြင့်လာတယ်လို့ သိရပါတယ်။

တချိန်တည်းမှာ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌက အတိုးနှုန်း မြှင့်တဲ့ကာလ အဆုံးသတ်တော့မယ်လို့ မကြာသေးခင်က အရိပ်အမြွက် ပြောဆိုလာတာကြောင့် ရွှေဈေးကို တဖက်က ပံ့ပိုးရာ ရောက်နေပြီး ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးက နှစ်ပတ်မြောက် ဆက်တက်ဖို့ ဦးတည်နေပါတယ်။

ကမ္ဘာ့ရွှေဈေး သိသာမြင်သာ လှုပ်ခတ် မြင့်တက်လာချိန်မှာ ပြည်တွင်းက အခေါက်ရွှေဈေးကလည်း အရင်ရက်တွေက ဈေးနည်းနည်းပဲ လှုပ်နေရာက ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ၈ သောင်း ဝန်းကျင်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။ မနေ့က အပိတ်ဈေး ကျပ် ၃၄ သိန်း ၆ သောင်းခန့် ဖြစ်ခဲ့ရာက ဒီနေ့မှာ ကျပ်နှစ်သောင်းလောက် မြင့်လာတာ ဖြစ်ပါတယ်။