အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်မှုကို ရပ်ဆိုင်းတော့မယ့် အရိပ်အယောင် ပြလာလို့ ဒီနေ့ နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာတန်ဖိုး ကျလာပြီး ကမ္ဘာ့ရွှေဈေးက မြင့်လာပါတယ်။
ဒီနေ့ ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို၁၉၈၇.၉၀ ဒေါ်လာနဲ့ ဝ.၃ % မြင့်လာသလို အမေရိကန် ရွှေကြိုပွိုင့်ဈေးကလည်း ဝ.၅ % မြင့်တက်ပြီး ၁၉၉၆.၄၀ ဒေါ်လာ ဖြစ်လာပါတယ်။
ရွှေဈေးဟာ ရှေ့ဆက် မတက်သေးခင်မှာ အတက်အကျလေးတချို့ ဖြစ်ပေါ်နိုင်သေးတယ်လု့ိ ရွှေနဲ့ ပတ်သက်လို့
စောင့်ကြည့်လေ့လာသူတွေက ပြောဆိုပြီး တချိန်တည်းမှာ အမေရိကန်ဒေါ်လာဈေးက ဝ.၅ % ကျဆင်းမှု ဖြစ်နေပါတယ်။
အရင်အပတ်က အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခတွေ အရှိန် ပြင်းထန်လာတဲ့အတွက် ရွှေဈေး ဒေါ်လာ ၂၀၀၀ အထက် ကျော်လွန်ခဲ့ပေမဲ့ ဒီရက်ပိုင်းမှာတော့ ဗဟိုဘဏ်တွေရဲ့မူဝါဒသတင်းတွေက ရွှေဈေးကွက်အပေါ် လွှမ်းမိုးနေပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေး အတက်မှာ မြန်မာပြည်တွင်းက ရွှေဈေးကလည်း တစ်လကျော်လောက်အထိ ပြန် မရောက်ဘဲ ဖြစ်နေခဲ့တဲ့ တစ်ကျပ်သားကို ကျပ် ၃၅ သိန်းဈေးတန်းဆီ ပြန်တက်လာပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့တစ်လလုံးလုံး ကျပ် ၃၄ သိန်းခွဲ အပေါ်၊ အောက်မှာ အတက်အကျတွေ ဖြစ်ပေါ်နေခဲ့ပေမဲ့ ကျပ် ၃၅ သိန်းကို မရောက်နိုင်ခဲ့ဘဲ အခု နိုဝင်ဘာလဆန်းမှသာ ကျပ် ၃၅ သိန်းကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။