News

ရက်ပိုင်းအတွင်း ပြင်ပ ဒေါ်လာဈေး ဆက်တိုက် မြင့်တက်လာ

ဒီရက်ပိုင်းအတွင်း ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ချက်ကို ဖြေလျှော့လာတာနဲ့ ပို့ကုန်ရငွေ ၃၅ % အချိုးကို

ပြောင်းလဲသတ်မှတ်လိုက်တာတွေကြောင့် ပြင်ပဒေါ်လာဈေး ဆက်တိုက် မြင့်တက်လာပါတယ်။

နိုင်ငံခြားငွေရောင်းဝယ်ခွင့် AD လိုင်စင်ရ ဘဏ်တွေကြား Online Trading လုပ်ရာမှာ ဗဟိုဘဏ်က အရင်လို ကြားဝင် သတ်မှတ်မပေးတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့် ပေးလိုက်ပါတယ်။

တပြိုင်တည်းမှာ ပို့ကုန်ရငွေ ၅၀/၅၀ အချိုးကို ၃၅/၆၅ အချိုးအဖြစ် ပြောင်းလဲပြီး ၃၅ % ကိုသာ ဗဟိုဘဏ်က သတ်မှတ်ဈေးနဲ့ လဲလှယ်ဖို့ ကြေညာချက် ထုတ်လိုက်ပါတယ်။

(Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)

ဒီကြေညာချက်တွေ ထုတ်ပြန်အပြီးမှာ အခု ဒီဇင်ဘာ ၁ ရက်နေ့က အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၃၃၈၀ ကျပ်သာ ရှိခဲ့ရာက အခု ဒီဇင်ဘာ ၇ ရက်နေ့မှာ ၃၆၀၀ ကျပ်ခန့်အထိ ဖြစ်လာပါတယ်။

ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေအရ နိုင်ငံခြားငွေလဲလှယ်နှုန်းကို မသတ်မှတ်တော့ဘဲ ပြင်ပပေါက်ဈေးအတိုင်း AD လိုင်စင်ရဘဏ်တွေကို လုပ်ပိုင်ခွင့် ပေးလာသသလို ပို့ကုန်ရငွေအချိုးကိုလည်း လျှော့ချပေးလာတဲ့အတွက် ပို့ကုန်သမားတွေ ပိုပြီးတော့ အဆင်ပြေလာဖွယ် ရှိနေပါတယ်။

ဒါပေမဲ့ ဒေါ်လာဈေး တက်လာတာကြောင့် စက်သုံးဆီ အပါအဝင် သွင်းကုန်သမားတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိ ပြင်ပငွေကြေးဈေးကွက်မှာတော့ ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေကြောင့် လန့်တက်၊ ခုန်တက်သလို ဖြစ်နေပေမဲ့ အရောင်းအဝယ် အေးပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။