News

ရန်ကုန်ရွှေအသင်း YGEA ရဲ့ သတ်မှတ်ရွှေဈေး ကျပ်သုံးသိန်းခွဲကျော် ခုန်တက်…

ဗဟိုဘဏ်က ငွေလဲနှုန်းကိစ္စကို ဖြေလျှော့လိုက်တဲ့နောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က နေ့စဉ် ထုတ်ပြန်နေကျ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃ သိန်းခွဲကျော်အထိ ခုန်တက်သွားပါတယ်။

မနေ့က (အမျိုးသားနေ့) မတိုင်ခင် ဗုဒ္ဓဟူးနေ့က ရွှေအသင်းက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အပိတ်ဈေးမှာ ရွှေ တစ်ကျပ်သားကို ကျပ် ၃၂၀၉,၄၀၀ သာ ရှိခဲ့ပေမဲ့ …

ဒီနေ့ သောကြာနေ့ ဈေးကွက် ပြန်ဖွင့်ရက်မှာ ထုတ်ပြန်တဲ့ ရွှေဈေးက တစ်ကျပ်သားကို ၃၅၆၇,၂၀၀ အထိ ဖြစ်လာတဲ့အတွက် ကျပ် ၃ သိန်းခွဲကျော် ခုန်တက်မှု ဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၃၀ ဒေါ်လာပတ်လည်မှာသာ ရှိနေပေမဲ့ ဗဟိုဘဏ်ရဲ့ Online Trading မှာ ဒေါ်လာဈေး မြင့်လာတာကြောင့် အခုလို ရွှေဈေး မြင့်လာတာ ဖြစ်တယ်လု့ိ YGEA က ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေရောင်းဝယ်ခွင့် AD လိုင်စင်ရ ဘဏ်တွေချင်း ရောင်းဝယ်ကြတဲ့ Online Trading မှာ ဈေး မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လုပ်ကြဖို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်အရ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ဟာ သူ့ရဲ့ ရွှေဈေးနှုန်းကို အရင်လို ၂၉၂၀ ကျပ် နဲ့ မတွက်တော့ဘဲ ပေါက်ဈေးအတိုင်း တွက်ချက် ထုတ်ပြန်လာတဲ့အတွက် ရွှေဈေး တက်လာတာ ဖြစ်ပါတယ်။

YGEA က သူ့ရဲ့ ရွှေဈေးနှုန်းကို တစ်ကျပ်သား ၃၅ သိန်းကျော်အဖြစ် ရုတ်ချည်း တိုးမြှင့် သတ်မှတ်လာချိန်မှာ ပြင်ပအကယ်ဒမီ မီးလင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၇ သိန်းအထက်မှာ ရှိနေတယ်လို့ သိရပါတယ်။ YGEA , Local Market စာရေးသူ- ငွေကြယ်