ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေ လဲလှယ်ခံစားခွင့် ဖြေလျှော့မှုဟာ ဒီဇင်ဘာ ၆ ရက်နေ့မတိုင်ခင် ဝင်ရောက်ထားတဲ့ ပို့ကုန်ရငွေတွေနဲ့ မဆိုင်ဘဲ
ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း ပို့ကုန်ရငွေတွေနဲ့သာ သက်ဆိုင်တယ်လို့ ဗဟိုဘဏ်က အသိပေးလာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ဗဟိုဘဏ်ဟာ ပို့ကုန်ရငွေ ၅၀/၅၀ အစား ၃၅ % ကိုသာ ဗဟိုဘဏ် သတ်မှတ်တဲ့ ငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ လဲလှယ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်အရ ဒီဇင်ဘာ ၆ ရက် မတိုင်ခင် ဝင်လာတဲ့ ပို့ကုန်ရငွေတွေကို အရင်အတိုင်း ၅၀/၅၀ အချိုးနဲ့ လဲလှယ်ရမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးလာတာ ဖြစ်ပါတယ်။
“အမိန့်ကြော်ငြာစာမထွက်ခင် ဝင်ရောက်ထားတဲ့ ပို့ကုန်ဝင်ငွေတွေက အရင်သတ်မှတ်ထားတဲ့ ၅၀/၅၀ နဲ့ပဲ သွားရမှာ။ အမိန့်ကြော်ငြာစာ ထွက်ပြီး ဝင်တဲ့ပို့ကုန်ငွေက ၆၅/၃၅ နဲ့ သွားရမှာ” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သတင်းမှာ ပြောထားပါတယ်
ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း ဝင်လာတဲ့ ပို့ကုန်ရငွေတွေရဲ့ ၃၅ % ကိုသာ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ လဲလှယ် ရောင်းချရမှာ ဖြစ်ပြီး ၆၅ % ကိုတော့ ပြင်ပငွေကြေးဈေးကွက်မှာ လွတ်လပ်စွာ ရောင်းချခွင့် ပြုထားပါတယ်။
ပြီးတော့ မြန်မာနိုင်ငံကနေ အာရှနိုင်ငံတွေဆီ ပို့ကုန် တင်ပို့ရာမှာ ရလာတဲ့ငွေကို တင်ပို့တဲ့နေ့ကနေ ၄၅ ရက်၊ အာရှပြင်ပ နိုင်ငံတွေဆီ တင်ပို့တဲ့ ပို့ကုန်တွေအတွက်ကတော့ ရက်ပေါင်း ၉၀ အတွင်း ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားငွေ မပျက်မကွက် ထည့်သွင်းဖို့ ဗဟိုဘဏ်က အသိပေးထားပါတယ်။