News

ပြည်ပလစာငွေလွှဲဝင်ပြီး သွင်းကုန်လျော့နေလို့ နှစ်သစ်အစမှာ ဒေါ်လာဈေး ကျဆင်း

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက လစာငွေလွှဲ ဝင်လာတာနဲ့ ပြည်ပ သွင်းကုန်တင်သွင်းမှု လျော့ကျလာတာတွေကြောင့် အခု နှစ်သစ်ကူးကာလအတွင်း ဒေါ်လာဈေး ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်တစ်ဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ အခုနှစ်ဆန်းမှာ ကျပ် ၃၄၅၀ ဝန်းကျင်ကို ကျလာပြီး

ဒီနေ့ ပြင်ပငွေကြေးဈေးကွက်မှာလည်း တစ်ဒေါ်လာကို ၃၄၃၀ နဲ့ ၃၄၆၀ ကျပ်ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံခြားငွေနဲ့ ရတဲ့လစာ ၂၅ % ကို တရားဝင်လမ်းကြောင်းကနေ ပြန်လွှဲဖို့ သက်ဆိုင်ရာက မနှစ်က အောက်တိုဘာမှာ ညွှန်ကြားထားပြီး သွင်းကုန်တင်သွင်းမှုကလည်း လျော့ကျလာတဲ့အတွက် ဒေါ်လာဈေး အေးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေရောင်းဝယ်ခွင့် AD လိုင်စင်ရဘဏ်တွေကြားမှာ အရောင်းအဝယ် လုပ်တဲ့ ဒေါ်လာဈေးကို ကြားဝင်မသတ်မှတ်ပေးတော့ဘဲ ပေါက်ဈေးအတိုင်း လုပ်ဖို့ ဒီဇင်ဘာလဆန်းပိုင်းမှာ ဖြေလျှော့ပေးခဲ့ပါတယ်။

“ဒေါ်လာဈေးဖွင့်ပေးပြီးတဲ့နောက်မှာလည်း ဈေးကအရမ်းကြီး ထိုးတတ်သွားတာမျိုး မတွေ့ရဘူး။ သူ့ဟာနဲ့သူ ပုံမှန်လည်ပတ်နေတော့ အဆင်ပြေနေတာပေါ့”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ လမ်းခရီးပိုင်း အဆင်မပြေတာနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်တာတွေ ရှိနေတာကြောင့် သွင်းကုန်တင်သွင်းမှုလည်း လျော့နည်းနေတယ်လို့ သိရပါတယ်။