News

ပြည်တွင်းရွှေဈေး အမြင့်မှာ ရှိနေချိန် ပြန်ရောင်းချသူတွေ များနေတယ်လို့ဆို

ပြည်တွင်းရွှေဈေးကွက်ဟာ အမြင့်ဈေးတန်းမှာ ဆက်လက် တည်ရှိနေတာကြောင့် ရွှေ အဝယ်ထက် ပြန်ရောင်းသူတွေ များနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးက နှစ်သစ်ကူးကာလအထိ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက်မှာ ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ၃၇ သိန်းအပေါ်မှာ ရပ်တည်နေပါတယ်။

“ရွှေက ပြန်ရောင်းတဲ့ သူများတယ်။ ဝယ်တဲ့သူက နည်းတယ်။ ဈေးက မြင့်နေတာပဲရှိတယ်။

ဒေါ်လာပေါက်ဈေးအတိုင်းတွက်တော့ ရည်ညွှန်းဈေးက မြင့်နေတာပေါ့” လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က သတင်းတစ်ခုမှာ ပြောဆိုထားပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း လက်ဝတ်ရတနာ အထည်ပျက်ပစ္စည်းများကို လာ‌ရောက် ရောင်းချသူများပြားနေတယ်လို့လည်း သိရပါတယ်

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဖြေလျှော့ပေးပြီးနောက်ပိုင်း YGEA အသင်းရဲ့ ရွှေဈေးကို ဈေးကွက်ပေါက်ဈေးနဲ့ တွက်ချက် ထုတ်ပြန်လာတဲ့အတွက် ပြင်ပရွှေဈေးနဲ့ သိပ်မကွာတော့ဘူးလို့ ဆိုပါတယ်။

မနေ့က ဇန်နဝါရီ ၃ ရက်နေ့မှာ ရွှေအသင်း YGEA ရဲ့သတ်မှတ်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၆၈၅,၈၀၀ ဖြစ်ပြီး ပြင်ပရွှေဈေးက ကျပ် ၃၇၂၀,၀၀၀ ရှိခဲ့တာကြောင့် ရွှေဈေးနှစ်မျိုးကြား ကွာဟချက်က ကျပ်သုံးသောင်းခွဲခန့်သာ ရှိတော့တာ တွေ့ရပါတယ်။