အမေရိကန်ရဲ့စီးပွားရေးထုတ်ပြန်ချက်တွေက အကောင်း၊ အဆိုး ရောထွေးမှုတွေ ရှိနေတဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းဟာ မနေ့က အတက်အကျတချို့ ဖြစ်ပေါ်ခဲ့ပေမဲ့ ဈေးပိတ်ချိန်မှာ ပြန်တည်ငြိမ်မှု ရခဲ့ပါတယ်
ဒါပေမဲ့ အမေရိကန်ဒေါ်လာဈေးနဲ့ ငွေချေးစာချုပ်တန်ဖိုးတွေ မြင့်မားလာတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ သီတင်းပတ် လေးပတ်အတွင်း ပထမဆုံးဈေးကျတဲ့သီတင်းပတ်တော့ ဖြစ်ခဲ့ပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)
မနေ့က (သောကြာနေ့) ဈေးအဖွင့်မှာ ကမ္ဘာ့ရွှေဈေးက ၁ % လောက် ကျသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ အမေရိကန်ရဲ့စီးပွားရေးအချက်အလက်တွေက အကောင်းချည်း မဟုတ်ဘဲ အဆိုးတွေပါ ရောလာလို့ ရွှေဈေး ပြန်ဦးမော့ပြီး ဈေးအငြိမ် ပြန်ဖြစ်ခဲ့ပါတယ်။
တဖက်မှာတော့ အမေရိကန်ဒေါ်လာဟာ သုံးပတ်အတွင်း တန်ဖိုးအမြင့်ဆုံးကို ရောက်ခဲ့ပြီး မနှစ်က ဇူလိုင်နဲ့ အောက်တိုဘာနောက်ပိုင်း အခြေအနေကောင်းဆုံး သီတင်းပတ် ဖြစ်လာပါတယ်။
ကမ္ဘာ့ရွှေဈေးက နေ့အလိုက် နှိုင်းယှဉ်ရင် တည်ငြိမ်ခဲ့ပြီး အပတ်စဉ်အလိုက်ဆိုရင် အကျကို သွားခဲ့ပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ အခု ၂၀၂၄ ၊ နှစ်စ ပထမပတ်မှာ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း အပေါ်မှာ တောက်လျှောက် ရှိနေပါတယ်။
ဒီနေ့ (စနေနေ့) မှာ ပြင်ပရွှေ (အကယ်ဒမီမီးလင်းရွှေ) ဈေးက တစ်ကျပ်သားကို ကျပ် ၃၇၁၀,၀၀၀ နဲ့ ၃၇၂၀,၀၀၀ ဝန်းကျင် ရှိနေပြီး ဈေးကွက်ထဲမှာ အဝယ်ထက် အရောင်းက ပိုများနေတယ်လို့ ရန်ကုန် ရွှေအသင်း YGEA က ပြောဆိုထားပါတယ်။ Ref: AFP စာရေးသူ- ငွေကြယ်