အမေရိကန်ပြည်ထောင်စုရဲ့ ဇန်နဝါရီလ ငွေဖောင်းပွမှုအခြေအနေက မျှော်လင့်တာထက် ပိုကောင်းခဲ့တဲ့နောက် ကမ္ဘာ့ရွှေဈေးဟာ ကာလတော်ကြာ
ထိန်းထားတဲ့ တစ်အောင်စ ဒေါ်လာ ၂၀၀၀ ဈေးတန်းကို ဖောက်ဆင်းပြီး နှစ်လခွဲအတွင်း အနိမ့်ဆုံး ဖြစ်သွားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၄ မနက်ပိုင်း အာရှဒေသဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၉၂ ဒေါ်လာပဲ ရှိတော့ပြီး ရွှေကြိုရောင်းကြိုဝယ်ဈေးကလည်း ၂၀၀၅ ဒေါ်လာသာ ရှိတော့တာကြောင့် လက်ငင်းနဲ့ ကြိုပွိုင့်မှာ ရွှေဈေး ၁ % ကျော် ကျဆင်းခဲ့ပါတယ်။
ဈေးကွက်လေ့လာဆန်းစစ်သူတွေကလည်း ရွှေဈေးဟာ အခိုင်မာဆုံးလို့ သတ်မှတ်ထားတဲ့ ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက် ပြုတ်ကျသွားတဲ့အတွက် နောက်ပိုင်းမှာ ဆက်ကျနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ရွှေဈေး တရကြမ်း ထိုးဆင်းလာပေမဲ့ မြန်မာပြည်တွင်းမှာတော့ နိုင်ငံရေးအခြေအနေတွေနဲ့ ဝယ်လိုအားကို မူတည်ပြီး ရွှေဈေး လိုက်မကျဘဲ အမြင့်မှာ ဆက်ရှိနေပါတယ်။
မနေ့က ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၀၂၅ ဒေါ်လာ ရှိခဲ့တုန်းက ပြည်တွင်းရွှေဈေးက ၃၈၇၅,၀၀၀ ကျပ်မှာ တည်ရှိခဲ့ပြီး ဒီနေ့ ကမ္ဘာ့ရွှေဈေး ၁၉၉၂ ဒေါ်လာအထိ ထိုးကျနေချိန်မှာလည်း မြန်မာ့ရွှေဈေးက ၃၈၆၅,၀၀၀ – ၃၈၇၅,၀၀၀ ကျပ်မှာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။
အခု ဒီသတင်းဟာ ကမ္ဘာ့ရွှေနဲ့ မြန်မာ့ရွှေ ဈေးကွက်အခြေအနေကို ဦးစားပေး ဖော်ပြတာ ဖြစ်ပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး သီးသန့်ကို ဖတ်ချင် သိချင်ရင်တော့ ကျွန်တော်တို့ Current Content က နေ့စဉ် ဖော်ပြနေတဲ့ ရွှေဈေး ငွေဈေးသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။ Ref: Investing စာရေးသူ – ငွေကြယ်


