News

The global gold price rose for 6 days in a row, and the domestic gold price was also high

အမေရိကန်ဗဟိုဘဏ်ရဲ့အစည်းအဝေး မှတ်တမ်း မထုတ်ပြန်ခင် အာမခံသဘော ကြိုတင်ဝယ်ယူတာတွေနဲ့ ဒေါ်လာတန်ဖိုး အားပျော့နေတာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီနေ့မှာ ၆ ရက်မြောက်နေ့အဖြစ် ဆက်တိုက် မြင့်တက်လာပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၃၀ ဒေါ်လာကျော် ရှိနေတာကြောင့် ဖေဖော်ဝါရီ ၉ ရက်နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်နေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၄၁ ဒေါ်လာကျော် ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက် တက်လာချိန်မှာ ဒေါ်လာတန်ဖိုးညွှန်းကိန်းက ၃ ရက်ဆက် ကျဆင်းလာတဲ့အတွက် ဒေါ်လာနဲ့ဈေးဖြတ်တဲ့ ရွှေကို ဝယ်လက်တွေ စိတ်ကြိုက် ဖြစ်နေကြပါတယ်။

(Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေ အရှိန် ပြင်းထန်နေတာကြောင့် စိတ်ချအာမခံရတဲ့ကုန်စည်အဖြစ် ရွှေကို ဝယ်ယူစုဆောင်းမှု များနေပြီး မကြာခင် ထုတ်ပြန်လာမယ့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းကိုပါ စောင့်ကြည့်နေကြတယ်လို့ ရွှေဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။

အရင်အပတ်တွေက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက်အထိ ကျခဲ့ရာကနေ အခုတော့ ဒေါ်လာ ၂၀၀၀ အပေါ်ကို ပြတ်ပြတ်သားသား ပြန်တက်လာနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်လာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ၃၉ သိန်း ၂ သောင်းအထိ ဆက်တက်လာပြီး အမြင့်ဈေးတန်းမှာ ဆက်လက် ရပ်တည်နေပါတယ်။

ပြည်တွင်းရွှေဈေးက ကျပ် ၃၉ သိန်းဝန်းကျင်မှာ ရက်အနည်းငယ် တည်ရှိနေပြီး ရွှေဆိုင်တွေက အရောင်းရပ်၊ အဝယ် ပြန်ကောက်တာမျိုးပဲ ရှိတယ်ဆိုတဲ့ သတင်းနဲ့ ရွှေဈေး အတက်ကြမ်းတဲ့အပေါ် သက်ဆိုင်ရာကနေ စစ်ဆေးမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်