News

The world gold price reached the highest in three months. The domestic gold price is close to 40 thousand kyat

အမေရိကန်ဗဟိုဘဏ်အနေနဲ့ လာမယ့် ဇွန်လမှာ အတိုးနှုန်းတွေ စတင် လျှော့ချတော့မယ်လို့ ခန့်မှန်းချက်တွေ ခိုင်မာလာတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ သုံးလအတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

မနေ့တည်းက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၁၀၀ အထက် ရောက်ရှိခဲ့ပြီး ဒီနေ့မှာလည်း ၂၁၂၅ ဒေါ်လာနီးပါးကို ဆက်လက် မြင့်တက်နေပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လဆန်းနောက်ပိုင်း ကမ္ဘာ့ရွှေ အမြင့်ဆုံးဈေးကို ရောက်လာတာလည်း ဖြစ်ပါတယ်။

“အမေရိကရဲ့ စီးပွားရေးအခြေအနေပြ ကိန်းဂဏန်းတွေ အားပျော့နေတာနဲ့ ရွှေကို ဈေးအကျတိုင်း ဝင်ဝယ်တဲ့ သူတွေကြောင့် ကမ္ဘာ့ရွှေဈေးက အားကောင်းနေတာ” လို့ ဈေးကွက်သုတေသီတဦးက ပြောပါတယ်။ (Current Content က တင်ဆက်တဲ့သတင်း ဖြစ်ပါတယ်)

လတ်တလောမှာ ဈေးကွက်လေ့လာသူတွေက အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ မိန့်ခွန်းကို အားတက်သရောနဲ့ စောင့်မျှော်နေကြပြီး အဲဒီမိန့်ခွန်းကနေ အတိုးနှုန်းအလားအလာ ဘယ်လို ရှိမလဲဆိုတာ သိရမှာ ဖြစ်ပါတယ်။

အရင်အပတ်နဲ့ ယှဉ်ရင် ဒီအပတ်အစမှာတင် ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၅၀ ထက်မနည်း မြင့်တက်လာခဲ့ပြီး မကြာခင်မှာ အရင်စံချိန်ဟောင်းတွေကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ကမ္ဘာ့ရွှေဈေး ခပ်မြန်မြန် မြင့်တက်လာချိန်မှာပဲ နဂိုတည်းက တက်ရိပ်ပြနေတဲ့ မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ဒီနေ့ (မတ်လ ၅ ရက်) မှာ ကျပ် ၃၉၈၀,၀၀၀ အထိ ရောက်လာပါတယ်။

ပြည်တွင်းရွှေဈေးဟာ မနေ့ကညနေပိုင်းမှာ ကျပ် ၃၉၅၀,၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး ဒီမနက် ကမ္ဘာ့ရွှေဈေးအတက်မှာ ကျပ် သိန်း ၄၀ နားကို အလျင်အမြန် ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်