အစ္စရေးနဲ့ အီရန်ကြား ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့် စိတ်ချအာမခံရတဲ့ကုန်စည် ဖြစ်တဲ့ ရွှေကို ဝယ်လိုအား များလာပြီး ဒီနေ့ ကမ္ဘာ့ရွှေဈေးက ဆက်တက်လာပါတယ်။
ဒီမနက်ပိုင်း အာရှဒေသတွင်း အရောင်းအဝယ်ကာလမှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၃၇၅ ဒေါ်လာခန့် ရှိနေပြီး မကြာသေးခင်က ရောက်ခဲ့တဲ့
အမြင့်ဆုံးစံချိန်ဈေး ၂၄၃၁ ဒေါ်လာနဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။
အစ္စရေးအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ဆုံးဖြတ်ချက် ချရလိမ့်မယ်လို့ ဝန်ကြီးချုပ်နေတန်ယာဟုက ပြောဆိုထားပြီး နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းကလည်း အစ္စရေးဟာ အီရန်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန် ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီလို့ ယူဆကြပါတယ်
ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးအခြေအနေက ဖေဖော်ဝါရီကနေ ဧပြီလထိ တိုးတက်မှု အရိပ်အယောင်တွေ ပြသနေပြီး အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေကလည်း ဒီနှစ်နှောင်းပိုင်းမှာ အတိုးနှုန်း လျှော့မယ့်သဘော ပြောဆိုနေပေမဲ့ ငွေဖောင်းပွမှု တည်ငြိမ်မှသာ လုပ်နိုင်မယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ရွှေဈေး အမြင့်မှာ ဆက်ရှိနေတဲ့အတွက် သင်္ကြန်ပိတ်ရက်တွေအပြီး ပြန်ဖွင့်လာတဲ့ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၄၇ သိန်း ၇ သောင်းနဲ့ အရောင်းဖွင့်ထားတယ်လို့ သိရပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်