News

ကန်ဒေါ်လာဈေး နှစ်ပတ်တာ အမြင့်ဆုံးနားမှာ တည်ရှိနေ

ဒီသီတင်းပတ်အကုန်မှာ ထုတ်ပြန်လာမယ့် အမေရိကန်နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက် အစီရင်ခံစာကို စောင့်ကြည့်နေချိန်မှာ

ဒီနေ့ နိုင်ငံတကာငွေကြေးဈေးကွက်က ဒေါ်လာတန်ဖိုးဟာ နှစ်ပတ်တာ အမြင့်ဆုံးနားကို ရောက်နေပါတယ်။

အမေရိကန်ဗဟိုဘဏ် အကြီးအကဲက ငွေဖောင်းပွမှု တိုက်ဖျက်နေတုန်းမှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်ရမယ်လို့ ပြောခဲ့တဲ့နောက် ဒီအပတ်နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ့် အလုပ်ဈေးကွက်အစီရင်ခံစာက စောင့်ကြည့်စရာ ဖြစ်နေပါတယ်။

လတ်တလောမှာ ငွေဖောင်းပွမှုအခြေအနေအရ ဒီလထဲ အတိုးနှုန်း စတင် လျှော့ချရင် ပါးပါးပဲ လျှော့လိမ့်မယ် လို့ ယူဆစရာ ဖြစ်လာတာကြောင့် အမေရိကန်ဒေါ်လာဟာ သြဂုတ် ၂၀ နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေပါတယ်။

ငွေကြေးကုန်သည်တွေက အမေရိကန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို ဝ.၂၅ မှတ်သာ လျှော့မယ်လို့ အများစုက ယူဆထားပြီး အနည်းစုကတော့ ဝ.၅၀ မှတ်အထိ လျှော့လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီနေ့ ထိပ်တန်းငွေကြေးတွေနဲ့ ယှဉ်ရာမှာ တိုင်းတာတဲ့ ဒေါ်လာညွှန်းကိန်းဟာ စောစောပိုင်းက သြဂုတ် ၂၀ ရက် နောက်ပိုင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဟာ ဥရောပယူရိုနဲ့ ယှဉ်ရာမှာ သြဂုတ် ၂၀ နောက်ပိုင်း အမြင့်ဆုံး ဖြစ်တဲ့ ၁.၁၀၄၃ ဒေါ်လာအထိ ရောက်ပြီးမှ အခု ၁.၁၀၆၂ ဒေါ်လာဈေး ရှိနေပါတယ်။

ဒါကတော့ နိုင်ငံတကာငွေကြေးဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာရဲ့အခြေအနေ ဖြစ်ပြီး ပြည်တွင်းငွေကြေးဈေးကွက်မှာတော့ ဒီနေ့ ဒေါ်လာဈေးက နည်းနည်း တက်လာတယ်လို့ သိရပါတယ်။ ဒီနေ့ ပေါက်ဈေးတွေအရ တစ်ဒေါ်လာကို ၅၆၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်

Leave a Reply

Your email address will not be published. Required fields are marked *