ဒီရက်ပိုင်းအတောအတွင်း နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျစ်လစ်အားကောင်းလာတဲ့အတွက် ဒေါ်လာနဲ့ ဆန့်ကျင်ဘက်က ကမ္ဘာ့ရွှေဈေးက အကျကို ပြန်ဦးတည်နေပါတယ်။
ဈေးကွက်လားရာနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းတွေ နဲ့ အမေရိကရဲ့ စီးပွားရေးရေချိန်ပြ အချက်အလက်တွေကို စောင့်ကြည့်နေကြပါတယ်။
ဒီနေ့ အောက်တိုဘာ ၈ ရက် အင်္ဂါနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၆၃၉ ဒေါ်လာနဲ့ ဝ.၂ % ကျနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ဝ.၃ % ကျပြီးတော့ ၂၆၅၈ ဒေါ်လာဝန်းကျင် ရှိနေပါတယ်။
ကမ္ဘာ့ရွှေဈေး ကျလာပေမဲ့ နိုင်ငံတကာငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာညွှန်းကိန်းက ၇ ပတ် နီးပါးအတွင်း အမြင့်ဆုံးနားမှာ ရှိနေပါတယ်။
ဒါက နိုင်ငံတကာ ဒေါ်လာဈေးကွက်နဲ့ ရွှေဈေးကွက်အခြေအနေ ဖြစ်ပြီး မြန်မာပြည်တွင်းမှာတော့ ဒေါ်လာက ဈေးနည်းနည်း တက်ရိပ် ပြ၊ ရွှေဈေးက အငြိမ်လေး ဆက်သွားနေပါတယ်။
ဒီနေ့ ပြင်ပဒေါ်လာဈေးဟာ တစ်ဒေါ်လာ ၄၆၀၀ – ၄၇၀၀ ဝန်းကျင် ရှိနေပြီး မနေ့ကနဲ့စာရင် ဈေးအနည်းငယ် တက်လာပါတယ်။ အကယ်ဒမီမီးလင်းရွှေဈေးကလည်း ကျပ် ၆၃ သိန်းကျော်မှာ ရှိနေပါတယ်။
ထူးခြားချက်က ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ သတ်မှတ်ဈေး မြင့်လာတာ ဖြစ်ပြီး တစ်ကျပ်သားကို ကျပ် ၅၄ သိန်းကျော် ပြန်ဖြစ်လာပါတယ်။ ဒါကြောင့် ပြင်ပဈေးနဲ့ဆိုရင် ကျပ် ၉ သိန်းလောက်ပဲ ကွာဟတော့တာ တွေ့ရပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်