အခုတစ်ခေါက် တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ သင်လုံးဝ လျစ်လျူမရှုထားသင့်တဲ့ သင့်ရဲ့အိပ်မက်ထဲက နိမိတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ လူတိုင်း အိပ်မက်တွေထဲမှာ တကယ့်အပြင်က သက်ရှိ၊သက်မဲ့တွေကို ထည့်မက်ဖူးကြမှာပါ။ တစ်ခါတစ်ရံမှာတော့ အိပ်မက်တွေထဲက အရာတွေက ဝိုးတဝါးအဖြစ်နဲ့သာ မြင်တွေ့ရပေမယ့်
တစ်ခါတစ်ရံမှာတော့ ထင်ထင်ရှားရှားမြင်တွေ့ရတတ်ပါတယ်။ တကယ်တော့ အိပ်မက်တွေထဲမှာမြင်တွေ့ရတဲ့ အရာတွေ အားလုံးက သင့်ရဲ့ စိတ်အခြေအနေနဲ့ လာမယ့် အနာဂါတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို ဖော်ညွှန်းချက်တွေလို့ တချို့ကယုံကြည်ကြပါတယ်။ အိပ်မက်တွေထဲက ဘယ်လိုအရာတွေက ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
(၁) သေတ္တာများ
အိပ်မက်တွေထဲမှာ သေတ္တာတွေကို မြင်တွေ့ရတာကို မြင်တွေ့ဖူးကြမှာပါ။ ဒီလိုသေတ္တာတွေကို ထည့်မက်တယ်ဆိုတာ သင့်ရဲ့ မသိစိတ်ကနေ သင်ဖုံးကွယ်ထားတဲ့ အရာတွေနဲ့ မြိုသိပ်ထားတဲ့ အရာတွေကို ရည်ညွှန်းပါတယ်။ လူတိုင်း လူတိုင်းမှာ လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေကို သိမ်းထားတယ်ဆိုတဲ့ မသိစိတ်က လေးလံလာတဲ့အချိန်မှာတော့ အိပ်မက်တွေထဲမှာ သေတ္တာတွေအဖြစ် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိပ်မက်ထဲမှာ သေတ္တာတစ်လုံးကို ဖွင့်နေတယ်၊ ဖွင့်ခါနီးအခြေအနေတွေကို မြင်မက်တယ်ဆိုရင်တော့ သင်ဟာ သင်မှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေ၊ မြိုသိပ်ထားရတဲ့ အရာတွေ အားလုံးကို လူတွေသိအောင် ဖွင့်ပြောခါနီး အခြေအနေကို ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။
တကယ်လို့ အိပ်မက်ထဲမှာ သေတ္တာအလွတ်တစ်လုံးထဲကို ငုံ့ကြည့်နေတယ်ဆိုတာကို မြင်မက်ရင်တော့ သင့်ဘဝကို သင်လုံးဝစိတ်ပျက်ကာ အားလျော့နေပြီဆိုတာကို ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။
(၂) အမြင့်ကနေ ပြုတ်ကျခြင်း
တိုက်တာအဆောက်အဦတွေ (သို့) အမြင့်တစ်နေရာရာကနေ အောက်ကို ရုတ်ချည်းပြုတ်ကျတဲ့ အိပ်မက်တွေက အိပ်မက်တွေထဲမှာ သိသိသာသာ မြင်မက်တဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒီလို အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်တွေကိုမြင်မက်ခြင်းဟာ သင့်မှာ စိတ်ပူစရာတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေ များပြားနေတယ်ဆိုတာကို ရည်ညွှန်းပါတယ်။ ဒီလို အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်တွေက သင့်ဘဝမှာ အထိန်းအကွပ်မရှိတဲ့အချိန်တွေ၊ လေလွင့်နေတဲ့အချိန်တွေနဲ့ စိတ်တည်ငြိမ်မှုမရှိဘဲ ဆောက်တည်ရာမရဖြစ်နေတဲ့ အခိုက်အတန့်တွေမှာ ပိုမိုမက်လေ့ရှိကြပါတယ်။ စိတ်ဖိစီးမှုများတဲ့အခြေအနေတွေ၊ အင်မတန်စိတ်ဓာတ်ကျနေတဲ့ အခြေအနေတွေမှာလည်း ဒီလိုပြုတ်ကျတဲ့ အိပ်မက်တွေကို မက်လေ့ရှိတာမို့ ကျန်းမာရေးကို အထူးဂရုစိုက်သင့်ကြောင်း ပြောပြနေတဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။
(၃) ကြောင်များ
အိပ်မက်တွေထဲမှာ တိရစ္ဆာန်လေးတွေကို မြင်မက်တာတွေလည်း ရှိတတ်ကြပါတယ်။ ဒီလို တိရစ္ဆာန်တွေကို မက်တဲ့ အိပ်မက်တွေထဲမှာ ကြောင်တွေကို မြင်မက်တဲ့အိပ်မက်တွေကတော့ ထူးခြားလှပါတယ်။ သင်ဟာ ကြောင်ချစ်သူ
တစ်ယောက်မဟုတ်လည်းပဲကြောင်တွေကို မြင်မက်လေ့ရှိပါတယ်။ တချိုကတော့ ကြောင်တွေကို အိပ်မက် မက်ခြင်းကို မကောင်းတဲ့ နိမိတ်ပုံတစ်ခုလို့ မြင်ကြပေမယ့် ရှေးကရှိခဲ့တဲ့ ကျမ်းစာတွေနဲ့ ရှေးစကားတွေမှာတော့ အိပ်မက်ထဲကို ကြောင်တွေအလည်လာခြင်းက ကောင်းသောနိမိတ်ပုံတစ်ခုလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သင့်ရဲ့ လက်တွေ့ဘဝမှာ အမျိုးသမီးတစ်ယောက်ယောက်နဲ့ ရင်းနှီးပတ်သက်မှုအတိုင်းအတာတစ်ခုအထိ ရှိလာချိန်မှာ အခုလို ကြောင်တွေကို အိပ်မက်အဖြစ် မြင်မက်တတ်ပါသေးတယ်။ ကြောင်တွေက စွမ်းအားကြီးတဲ့ နိမိတ်ပုံတွေဖြစ်ပြီး ဒီလို အမျိုးသမီးတွေ၊ မဓာတ်တွေဝင်ရောက်လာချိန်တွေမှာ အိပ်မက်ထဲကို ကြောင်တွေက အလိုလို
ရောက်လာတတ်ပါတယ်။ ဒါ့အပြင့် သင့်မှာ နာမ်ပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးလာတော့မယ့် အချိန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အရင်ထက်ပိုကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာတော့မယ်ဆိုရင် ကြောင်တွေ ရောက်လာတတ်တာမို့ ကြောင်အိပ်မက်တွေကို အထူးဂရုစိုက်ကာသတိထားသင့်ပါတယ်။
(၄) သွားများ
အိပ်မက်တွေထဲမှာ သွားတွေ ကျွတ်ကျခြင်းတွေ၊ ပဲ့ကြွေတာတွေကို မြင်မက်ရလေ့ရှိပါတယ်။ ဒီလို သွားတွေကို အိပ်မက်ထဲမှာ မြင်ရခြင်းကို လူတွေကတော့ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ်နဲ့သာ ရှုမြင်ကြလေ့ရှိပါတယ်။ တကယ်တော့ သွားတွေကို အိပ်မက်မက်ခြင်းက အကောင်းနဲ့ အဆိုးဒွန်တွဲနေပါတယ်။ သွားတွေ ကျွတ်သွားတာ၊ ပဲ့ကြွေလာတာတွေက အရွယ်ရောက်ခြင်းနဲ့ အသက်အရွယ်အိုမင်းလာခြင်းရဲ့ နိမိတ်ပုံတွေသာဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ မိမိရဲ့ခန္ဓာကိုယ်အပြင်အဆင်နဲ့ ပတ်သက်ပြီး စိတ်အလိုမကျမှုတွေများလာခဲ့ရင်လည်း သွားတွေကို အိပ်မက်မက်လေ့ရှိတယ်လို့ ဆိုကြပါတယ်။
(၅) ပုရွက်ဆိတ်များ
အိပ်မက်ထဲမှာ ပုရွက်ဆိတ်လိုမျိုး အင်းဆက်တွေကို မြင်မက်ခြင်းက မိမိ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ရှုပ်ထွေးစရာတွေကနေ ဖြစ်လာတဲ့တုန်ပြန်မှုတွေသာဖြစ်ပါတယ်။ အလုပ်မှာ စိတ်တိုခြင်းတွေ၊ ဒေါသထွက်ခြင်းတွေနဲ့ အခြားသော စိတ်အဆင်မပြေစရာအခြေအနေတွေ များလာခဲ့ရင် အိပ်မက်တွေထဲမှာ ပုရွက်ဆိတ်တွေကို မြင်မက်လေ့ရှိကြပါတယ်။
ဒါ့အပြင် ပုရွက်ဆိတ်ဆိုတာ အများနဲ့ ဝိုင်းဖွဲ့ကာ အလုပ်တွေကို အောင်အောင်မြင်မြင်လုပ်တတ်တဲ့ အကောင်တွေမို့လို့ ရိုးရိုးတစ်ယောက်တည်း အလုပ်လုပ်နေတာထက် Team-Work ဆန်ဆန်အလုပ်တွေကို လုပ်ရင်ပို အောင်မြင်လာမယ်ဆိုတာကိုလည်း ပြောပြနေပါတယ်။ ဒါ့အပြင် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းနဲ့ မိသားစုတွေရဲ့ တန်ဖိုးတွေကိုလည်း ပုရွက်ဆိတ်တွေက ရည်ညွှန်းနေပါသေးတယ်။
(၆) ရေများ
သင့်ဘဝမှာ အကြီးမားဆုံးအလှည့်အပြောင်းတွေဖြစ်လာခါနီး အချိန်တွေမှာလည်း ရေတွေကို မြင်မက်တတ်ပါတယ်။ သင့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ စွန့်စွန့်စားစားနဲ့သွားလိုသူတစ်ယောက်ဖြစ်
တယ်ဆိုတာကို ဒီ အိပ်မက်တွေက ညွှန်းဆိုနေပါတယ်။ ဒီလို သွားရာလမ်းတစ်လျှောက်မှာလည်း ကြုံတွေ့ရမယ့် ပြဿနာတွေ၊ ရင်ဆိုင်ရမယ့် အချိုးအကွေ့တွေ၊ ရှုံးနိမ့်မှုတွေအတွက်ကိုပါ ရင်ဆိုင်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ရေအိပ်မက်တွေက ပြောပြနေပါတယ်။
(၇)ပျံသန်းခြင်း
တစ်ခါတစ်ရံမှာတော့ မိုးကောင်းကင်ပေါ်မှာ ပျံသန်းနေရပြီး အရာအားလုံးကို အပေါ်စီးကနေ မြင်တွေ့နေတယ်ဆိုတဲ့ အိပ်မက်တွေကို မက်လေ့ရှိကြပါတယ်။ ဒီလိုမျိုး သင်ခန္ဓာကိုယ်တစ်ခုလုံးက ပျံသန်းနိုင်တဲ့ အစွမ်းအစတွေရှိတယ်ဆိုတာကို မြင်မက်ရင်တော့ ကောင်းသောအရာများဖြစ်လာတော့မယ့် နိမိတ်တွေလို့ မှတ်ယူနိုင်ပါတယ်။ အိပ်မက်ထဲမှာ
ပျံသန်းနေခြင်းကို မြင်မက်ခြင်းဟာ တကယ့်လက်တွေ့ဘဝမှာ ကြောက်စိတ်ကင်းမဲ့ကာ အရာအားလုံးအပေါ်မှာ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကို ပြောဆိုနေပါတယ်။ ဒါ့အပြင် ပျံသန်းခြင်းအိပ်မက်တွေကို သင် ကြုံတွေ့နေရမယ့်အခက်အခက်တွေ၊ စိတ်ဖိစီးမှုတွေ၊ သင် မလိုချင်တဲ့နှောင်ကြိုးတွေကနေ ရုန်းထွက်လာနိုင်တော့မယ်ဆိုတာကိုလည်း ပြောဆိုနေတဲ့ နိမိတ်တွေလို့လည်း မှတ်ယူလို့ရပါသေးတယ်။
(၈) ရွှံ့များ
ကားတစ်စီးက ရွှံ့ထဲမှာ နစ်နေရင် ရုန်းထွက်ရခက်သလိုမျိုးပဲ လူတစ်ယောက်လည်း ရွှံ့ထဲမှာ နစ်နေရင် ရုန်းထွက်ရခက်နေတာကို ရည်ညွှန်းနေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရွှံ့တွေကို အိပ်မက်မက်နေတယ်ဆိုရင် သင့်စိတ်က ခုလက်ရှိ ကြုံတွေ့နေရတဲ့ ရွေးချယ်မှုတစ်ခုမှာ ရုန်းထွက်မရအောင် ဖြစ်နေတယ်ဆိုတာကို ရည်ညွှန်းနေတာဖြစ်ပြီး သင့်အနေနဲ့ လွှတ်မြောက်ဖို့ အချိန် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
နောက်ပြီး ရွှံ့က ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုနေပါတယ်။ ပန်းပွင့်လေးတစ်ပွင့်က ရွှံ့ထဲမှာ ကြီးထွားလာသလိုပဲ အိပ်မက်ထဲမှာ ရွှံ့ ကို မက်တာက သင့်ရဲ့ ပျော်ရွှင်စရာ မကောင်းတဲ့ ဘဝကြီးကိုလည်း အသစ်တဖန် ပြန်လည်စတင်ခွင့်ရနေပြီဆိုတာ သတိပေးနေတာပဲ ဖြစ်ပါတယ်။
(၉) အစိမ်းရောင်
အစိမ်းရောင်နဲ့ ပတ်သတ်တဲ့ အရာတွေကိုသာ အိပ်မက်မက်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ စိတ်ချမ်းသာရာရတဲ့ နေရာမှာ အတည်တကျဖြစ်နေပြီး သင့်ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း သင့်အနေနဲ့ ချစ်ခင်မြတ်နိုးနေပြီလို့ ဆိုလိုပါတယ်။
သင့်အနေနဲ့ သင့်နေရက်တွေကို စိတ်ပါပါ မဖြတ်သန်းနေဘူးဆိုရင် အစိမ်းရောင်အိပ်မက်တွေက သင့်ကို စိတ်ပါပါနဲ့ ဖြတ်သန်းဖို့နဲ့ ဘေးပတ်ဝန်းကျင်က သူငယ်ချင်း အပေါင်းအသင်းတွေကို ချစ်ခင် မြတ်နိုးဖို့ အချက်ပေးနေတာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက အစိမ်းရောင်ကို အိပ်မက် မက်တယ်ဆိုရင် သင့်အနေနဲ့ စိတ်ကုစားတဲ့ အခိုက်အတန့်တစ်ခုကို ကျော်ဖြတ်ရတော့မယ်ဆိုတာကို အချက်ပြနေတာဖြစ်ပြီး သင့်သူငယ်ချင်း အပေါင်းအသင်းတွေက သင့်ကို အများကြီး ကူညီပေးကြလိမ့်မယ်လို့ ဖော်ညွန်းနေပါတယ်။