News

လက်ထဲ ရွှေကိုင်ထားသူတွေ သိမှကိုဖြစ်တော့မယ့် ရွှေအလေးချိန်စနစ် အပြောင်းအလဲ..

မြန်မာနိုင်ငံတဝန်းမှာ ရွှေအလေးချိန်တွေကို တပြေးညီဖြစ်စေရေး စံချိန်စံညွှန်း သတ်မှတ်ချက်အရ ၂ လဝန်းကျင်အတွင်းမှာ ရွှေချိန်စက်တွေအားလုံး တပြေးညီ ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်

စံချိန်စံညွှန်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲသုံးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရွှေအလေးချိန်စနစ် ပြောင်းတာကို စတင် လုပ်ဆောင်နေကြသလို ချိန်ခွင်တွေမှာပါတဲ့ ဆော့ဖ်ဝဲတွေကို စတင် ပြောင်းလဲနေကြပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်း ဝန်းကျင်လောက်ကစပြီး စံချိန်စံညွှန်းသစ်ဖြင့် စတင်ဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

စံချိန်စံညွှန်းသစ်ဖြစ်လာချိန် ရွှေဝယ်ယူမယ့်သူတွေအတွက် ထူးထူးခြားခြား ပြောင်းလဲမှု ရှိမှာမဟုတ်ဘဲ တကျပ်သားကို နှစ်ရွေးလောက် သက်သာသွားမှာပါ။ ရွှေ ၁ ကျပ်သားကို လက်ရှိ ကျပ် ၆၁ သိန်းအစား ကျပ် သိန်း ၆၀ ဝန်းကျင်ပဲ ပေးရမှာဖြစ်ကာ ကိုယ့်ရမယ့် ရွှေဂရမ်ကတော့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်ပဲရမှာဖြစ်ပါတယ်။

ဒါပေမယ့် စနစ်ဟောင်းမှာ ဝယ်ယူထားတဲ့ ရွှေတွေကို ပြန်ရောင်းမယ့်သူ‌တွေအတွက် အထူး သတိပြုရမယ့် အချက်ကတော့ ရွှေတဆယ်သား ပြန်ရောင်းမယ်ဆိုရင် ချိန်ခွင် အလေးချိန် ပြောင်းသွားတဲ့အတွက် သူ့ရဲ့ရွှေက တဆယ်သားနဲ့ နှစ်ပဲကျော်ကျော် ဖြစ်သွားပါလိမ့်မယ်။

ဒီအချက်ကို အထူး သတိထားရမှာဖြစ်ပြီး စနစ်ဟောင်းမှာ ဝယ်ထားတဲ့ ကိုယ့်ရဲ့ရွှေကို ဆိုင်တွေမှာ ပြန်သွင်းလို့ ရွှေတဆယ်သား စျေးနှုန်းပဲ ပေးမယ်ဆိုရင် ရောင်းသူဘက်က အများကြီး နစ်နာသွားမှာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ရွှေဆိုင်တွေဘက်က မှန်မှန်ကန်ကန် လုပ်ပေးကြဖို့ လိုပါလိမ့်မယ်။

အခုလို ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်မယ်ဆိုရင် လက်ရှိ တနိုင်ငံလုံး အသုံးပြုနေရတဲ့ ဒီဂျစ်တယ်ချိန်ခွင်တွေအကုန် ဆော့ဖ်ဝဲပြန်ပြောင်းရမှာဖြစ်တာကြာင့် ရွှေဆိုင်တွေဘက်ကတော့ ကုန်ကျစရိတ် များစွာ ရှိလာနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *