ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ
မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ
ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့်
ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီးလေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။\
(၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့
သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့်သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်
(၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ
ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ
သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို လိုက်နာပါ။တစ်ဘဝလုံးစောင့်ထိန်းခဲ့တဲ့ အရာတစ်ခုကို မိနစ်ပိုင်းလေးနဲ့တော့မလဲသင့်ပါဘူး။လူမြင်ကွင်းမှာရော၊ မမြင်ကွယ်ရာမှာပါ ကိုယ့်ကျင့်တရားကို စောင့်ထိန်းတတ်တဲ့ သင့်ကို သင့်ချစ်သူက အမြဲတမ်းတန်ဖိုးထားလေးစားနေမှာ ဖြစ်ပါတယ်
(၃) သူ့ကိုလေးစားပါ
သင့်ချစ်သူရဲ့လေးစားတန်ဖိုးထားမှုကိုလိုချင်ရင် သင်ကိုယ်တိုင် သူ့ကို အရင်လေးစား တန်ဖိုးထားပြရမှာပါ။သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်တယ်ဆိုတဲ့ သဘောပေါ့။သူ့ရဲ့ခံစားချက်၊ အတွေးအခေါ်၊ အယူအဆတွေကို လေးစားပေးလိုက်ပါ
သင့်ဖက်ကနေသာ အမြဲတမ်းဒီလိုမျိုးလေးတွေ လေးစားတန်ဖိုးထား ပြနေမယ်ဆိုရင်တော့ သူ့ဖက်ကနေလည်း သင့်ကို လေးစားတန်ဖိုးထားလာမှာပါ
(၄) စိတ်ကောင်းထားပါ
ယောက်ျားလေးတွေဟာ မိန်းကလေးတွေကို အကဲခတ်ရာမှာ အထူးကျွမ်းကျင်ပါတယ်။မိန်းကလေးတစ်ယောက် ပါးစပ်ဟလိုက်ရင် ဘာကိုဆိုလိုလဲ၊ဘာကိုရည်ရွယ်နေတာလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။မသိဘူးမထင်ပါနဲ့ မသိယောင်ဆောင်နေတာပါ
ဒါကြောင့် မနာလိုဝန်တိုတာတွေ၊ စိတ်ပုတ်တာတွေ၊ သူတစ်ပါးအပေါ် အဆိုးပဲမြင်နေတာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊
အတင်းအဖျင်းတွေကို တတ်နိုင်သလောက် ရှောင်ပြီး စိတ်ကောင်းထားပါ။ဒါဆိုရင်တော့ သင့်ချစ်သူက သင့်ကို တန်ဖိုးထားလေးစားနေမှာပါ
(၅) ငွေမမက်ပါနဲ့
သင့်ချစ်သူရှေ့မှာ ငွေမက်တဲ့ပုံစံ၊ ပစ္စည်းကောင်းတွေ မက်မောတဲ့ပုံစံ၊ ဂုဏ်ပကာသနတွေ မက်မောတဲ့ပုံစံမျိုးတွေ မဖြစ်စေပါနဲ့။ယောက်ျားလေးတွေဟာ ငွေမက်တဲ့ မိန်းကလေးတွေ၊ သိုက်တူးချင်တဲ့ မိန်းကလေးတွေနဲ့ ဂုဏ်မက်တဲ့မိန်းကလေးမျိုးတွေကို အထင်မကြီးသလို၊ စိတ်လည်းပျက်သွားတတ်ကြပါတယ်။ဒါကြောင့်မို့လို့ သင့်ချစ်သူကို စိတ်သန့်သန့်၊ မေတ္တာသန့်သန့်လေးနဲ့ ချစ်လိုက်ပါ
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တာကြောင့် သင်ကိုယ်တိုင်လည်း တန်ဖိုးထားလေးစားခြင်းကို ခံရမှာပါ။
Em Em(Auntymay)