ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တ ခုနစ်ပတ် ဆက်တိုက် မြင့်တက်နေပြီး တစ်ပတ်လျှင် ထပ်တိုး လူနာအသစ် လေးသန်းကျော်အထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ပြန်လည် မြင့်တက်လာပြီး ရောဂါဖြစ်ပွားသူ ၁၄၃ သန်းကျော်နှင့် သေဆုံးသူ သုံးသန်းကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။
“လက်ရှိ အခြေအနေက ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုတွေ တောက်လျှောက် တက်လာနေတာ ခုနစ်ပတ်မြောက်အထိ ရှိပါပြီ။ အရင်တုန်းကဆိုရင် Case တွေက အတော်ကြီး ကျသွားတဲ့ အနေအထားကနေ တောက်လျှောက် အကျမရှိဘဲ တက်လာတာ ဧပြီ ၁၃ ရက်ကထုတ်တဲ့ နောက်ဆုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြောခြင်းဖြစ်ပါတယ်။ အခုဆိုရင် ဆက်တိုက် တက်နေတာ ခုနစ်ပတ် ရှိပါပြီ။ တစ်ပတ် တစ်ပတ်ကို COVID ဖြစ်ပွားသူ အသစ် ၄ ဒသမ ၅ သန်းကျော် ရှိပါတယ်”ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၂၇၃၈၁၀ ထပ်မံတွေ့ရှိပြီးနောက် လက်ရှိအချိန်အထိ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၀၀၀၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၂၅၀၀၀၀ နှင့်အထက် ရှိလာသည်မှာ သုံးရက်ဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြင့် တစ်ရက်အတွင်း ၁၆၁၉ ဦး ထပ်မံ သေဆုံးခဲ့ရာ ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၁၇၈၇၆၉ ဦး ရှိလာကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၁၇ ဦး ရှိလာကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၌လည်း တစ်ရက်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၉၆၂၈ ဦးရှိလာကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
လူဦးရေ သန်း ၁၁၀ ခန့်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံအတွင်း COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစတင်ကာ လူဦးရေ ၁၀ သန်းကျော်ကို COVID-19 ရောဂါ ကူးစက်ခံရမှု ရှိ မရှိ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံက လှူဒါန်းသည့် Sinovac COVID-19 ရောဂါ ကာကွယ်ဆေးများ ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်ခံရရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို မတ် ၁ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ အင်ဒိုနီးရှားနိုင်ငံတွင်လည်း တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၆၁၇၇ ဦးရှိပြီး အတည်ပြုလူနာ ၁ ဒသမ ၅၈ သန်းကျော်ရှိပြီး သေဆုံးသူ ၄၃၀၇၃ ဦးရှိကြောင်းနှင့် မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၁၇၃၉ ဦး ထပ်မံတိုးလာပြီး ကူးစက်ခံရသူပေါင်း ၃၆၀၈၅၆ ဦးရှိပြီး သေဆုံးသူ ၁၃၂၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။