အချစ်နှင့်ဘဝ

ကိုယ့်ရဲ့ CRUSH ကို ဘယ်လိုမျိုးအမှန်အကန်နည်းလမ်းတွေနဲ့ ချဉ်းကပ်သင့်လဲဆိုတာ….>>>

တိတ်တခိုးအချစ်က ကမ္ဘာပေါ်မှာ အလှပဆုံးအချစ်တစ်ခုလို့တောင် ဆိုကြပါတယ်။ ဒါပေမယ့် အမြဲတမ်း တိတ်တခိုးချစ်နေရင်းနဲ့ ကျန်ရစ်ကြီးဖြစ်ရတာကလည်းဝမ်းနည်းစရာပါပဲ။ အဲ့ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ကိုယ့်ရဲ့ Crush ကို ဘယ်လိုမျိုးအမှန်အကန်နည်းလမ်းတွေနဲ့ ချဉ်းကပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ့်ဘက်ကအကောင်းဆုံးလှုပ်ရှားပါ။

Crush ရှိတဲ့နေရာကို ကိုယ်ကရောက်အောင်သွားရမယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ကိုယ်က အရမ်းကိုစိတ်လှုပ်ရှားတတ်တဲ့သူမျိုးဆိုရင်လည်း စိတ်ငြိမ်အောင်အရင်ဆုံးလုပ်ပြီး သူနဲ့တွေ့တဲ့အချိန်မှာ ဘာပြောရမလဲ၊ ဘာလုပ်ရမလဲဆိုတာကို အစီအစဉ်တကျဖြစ်အောင် ကြိုတင်စဉ်းစားထားသင့်ပါတယ်။ Crush ကို စကားသွားပြောချိန်မှာလည်း သူ့ရဲ့တခြားသူငယ်ချင်းတွေ ဘေးနားမရှိဖို့ လိုအပ်ပြီး သူတို့ရှိနေမယ်ဆိုရင်တော့ ဝိုင်းစနောက်နေကြတာနဲ့တင် အေးအေးဆေးဆေးစကားပြောခွင့်မရဘဲ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပါလိမ့်မယ်။ ဒါ့အပြင် သူနဲ့စကားပြောတဲ့အချိန်မှာလည်း မလိုအပ်တဲ့လောကွတ်ချော်တာမျိုးတွေ မလုပ်ဘဲ သဘာဝကျကျစကားလုံးတွေကိုသာ အသုံးပြုသင့်ပါတယ်။

၂။ အခက်အခဲတွေနဲ့ပတ်သက်ပြီး ရင်ဖွင့်လာအောင်ကြိုးစားပါ

နေကောင်းလား၊ ထမင်းစားပြီးပြီလားဆိုတဲ့စကားတွေကိုမပြောဘူးလို့ ဆုံးဖြတ်ထားရင်တောင် တကယ်တမ်း Crush ရှေ့ရောက်ရင် အဲ့ဒီစကားတွေပဲ အစဉ်လိုက်ထွက်ကျလာမှာ အသေအချာပါပဲ။ အရေးကြီးတာက အဲ့ဒီနောက်ပိုင်းမှာဘာဆက်ပြောမလဲဆိုတာပါ။ တောင်စဉ်ရေမရစကားတွေပဲ လျှောက်ပြောနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Crush က ကိုယ့်အပေါ်အထင်အမြင်သေးသွားနိုင်ပါတယ်။ တချို့သူတွေက ဒီနေရာမှာဆရာကျတယ်လို့ ဆိုနိုင်ပေမယ့် ကယောင်ကတမ်းတွေ လျှောက်လုပ်တတ်တဲ့သူတွေကတော့ Crush နဲ့ ကျောင်းစာတွေအကြောင်းပြောမလား၊ Crush ဘယ်လိုတော်တာ၊ ဘယ်လိုချောတာ၊ ဘယ်လိုစတိုင်ကျတာဆိုတဲ့အကြောင်းပြောမလား၊ အလုပ်ထဲက ရယ်စရာတွေအကြောင်းကို ပြန်ပြောမလား၊ လာမယ့်ပိတ်ရက်မှာ ဘာတွေစီစဉ်ထားလဲဆိုတဲ့ မတူညီတဲ့အကြောင်းတွေကို စိတ်အေးလက်အေးနဲ့ သဘာဝကျကျပြောဆိုနိုင်အောင် ကြိုးစားသင့်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ Crush မှာဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိအောင်လုပ်ဖို့ အရေးကြီးပြီး သူ့ဘက်ကသာ သူရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းကို ဖွင့်ပြောလာပြီဆိုရင်တော့ ကိုယ့်အတွက် အခြေအနေအများကြီးကောင်းသွားပြီလို့ဆိုရမှာပါ။

၃။ အခြေအနေနဲ့အချိန်အခါကို ကောင်းကောင်းနားလည်ပါ။

တစ်ဖက်မှာလည်း ကိုယ့် Crush က ကိုယ့်ကိုပြန်ချစ်တယ်ဆိုတာက တကယ့်လက်တွေ့ဘဝမှာ ဖြစ်နိုင်ချေ (၅၀) ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါပေမယ့် ကိုယ်ကကာလံဒေသံနဲ့အလိုက် ကိုယ့်ရဲ့အချစ်တွေကို ထုတ်ပြသင့်ပြီး တစ်ဖက်သားစိတ်မကြည်တဲ့အချိန်မျိုး၊ စိတ်အလိုမကျဖြစ်နေတဲ့အချိန်မျိုးမှာ ဖွင့်ပြောမိတယ်ဆိုရင်တော့ ကိုယ်ကြိုးစားခဲ့သမျှအရာအားလုံးက သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဖွင့်ပြောဖို့အတွက် အချိန်ကောင်းတစ်ခုကို စောင့်ဆိုင်းသင့်ပြီး အပေါ်မှာပြောခဲ့တဲ့အချက်တွေအပြင် ကိုယ်ကလည်းသူ့အပေါ် လေးလေးနက်နက်ရှိတယ်ဆိုတာကို Crush ဘက်က နားလည်လက်ခံထားမယ်ဆိုရင် ကိုယ့်ရဲ့ Crush က ကိုယ့်ရဲ့ရင်ခွင်နန်းတော်ကြီးထဲမှာ ခိုနားဖို့အသေအချာပါပဲ။

#HM
#LifeStyleMyanmar
Source: wikihow