သင်္ဃန်းကျွန်းရှိ မင်္ဂလာဆောင်တစ်ခုတွင် လက်ဆောင်ထုပ်ကြောင့်သတို့သမီးကွယ်လွန်
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇေယျသုခလမ်းတွင် ယနေ့နေ့လယ်က ပြုလုပ်သော မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ထုပ်တခုမှ ဗုံးပေါက်ကွဲပြီး သတို့သမီးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

“အသံအရမ်းကျယ်တယ်။ ပေါက်ကွဲသံက။ ထိသွားတဲ့လူတွေကို ဆေးရုံပို့နေတယ်။ ရပ်ကွက်ထဲမှာ ပြောနေကြတာ ဒလန်နဲ့ ပတ်သက်တယ်ပြောကြတယ်။ သွားကြည့်မလို့ ဟိုကောင်(စစ်ကောင်စီ)တွေရောက်လာတာမြင်လို့ သွားမမေးတော့ဘူး။ သတို့သမီး ဗိုက်ပွင့်တယ် ပြောတယ်။ ကျန်သူတွေလည်း ဒဏ်ရာရကြတယ်ပြောတယ်”ဟု ဇေယျသုခလမ်းနေသူက လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ခေတ်သစ်သတင်းဌာနသို့ပြောသည်။
သုံးလွှာရှိ နေအိမ်ခန်းတွင် လက်ဖွဲ့များဖွင့်ဖောက်စဥ် ဗုံးပေါက်ကွဲကာ သတို့သမီး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။



