ၾကားသိရသမွ်

ဗိုလ်တထောင် KBZ ဘဏ်ခွဲ ဓားပြတိုက်မှု တရားခံ ၁၂ ဦးဖမ်းမိဟုဆို

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ KBZ ဘဏ်ခွဲ ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဒီနေ့ အောက်တိုဘာ ၂၈ ရက်ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲမှာ အောက်တိုဘာ ၂၂ ရက် က Mask တပ်ဆင်ထားတဲ့ အမျိုးသား ၄ ယောက်က ဘဏ်လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ချိန်ပြီး ဘဏ်အတွင်းမှာ အသင့်စောင့်နေတဲ့ အမျိုးသား ၁ ဦးနဲ့ ပူးပေါင်းကာ ငွေကျပ်သိန်း ၃,၀၀၀ ကျော်နဲ့ ဖုန်း ၅ လုံး ယူဆောင် ဓားပြတိုက်သွားခဲ့တာပါ။

အဆိုပါဘဏ်ဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံ ကျား ၁၁ ဦး၊ မ ၁ ဦး၊ ပေါင်း ၁၂ ဦး၊ ဓားပြတိုက်ရာမှာ အသုံပြုတဲ့ CZ 75 D အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၂ စီးနဲ့အတူ ဓားပြတိုက်ယူဆောင်သွားခဲ့တဲ့ ငွေကျပ် ၂,၈၁၄ သိန်းကို ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရာမှာ အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီ မိနစ် ၄၀ လောက်မှာ ဓားပြတိုက်ရာမှာ အသုံးပြုတဲ့ FF/6532 Fielder (အဖြူရောင်) ယာဉ်မောင်းဖြစ်သူ ဝင်းမော်ဦး (၄၃)နှစ်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆-လမ်းထိပ်မှာ ကားငှားရမ်းခ ရရှိငွေ ၂ သိန်း ကျပ်နဲ့အတူ စတင်ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ်တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိတရားခံတွေထဲမှာ ဟန်ဝင်းထွဋ် နဲ့ ဒိုပေါက်(ခ)အောင်ဟိန်းတို့ဟာ KNLA တပ်မဟာ ၇ မှာ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့သူဖြစ်ပြီး ဓားပြတိုက်ရာမှာ ရရှိတဲ့ငွေ တစ်ဝက်လောက်ကို ရန်ကုန်ရှိ PDF အဖွဲ့တွေအတွက် ထောက်ပံ့ပေးသွားဖို့ ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းစာမှာ စွပ်စွဲဖော်ပြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေဘက် တုံ့ပြန်နိုင်ခြင်းမရှိသလို သတင်းစာပါ အချက်အလက်တွေမှန်ကန်မှုရှိမရှိ ဒီဗွီဘီက သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။

unicode





