ၾကားသိရသမွ်

ခါးလိုက်တဲ့ဘဝရယ် လေယာဉ် သုံးဆင့်စီးပြန်ခဲ့ရသော အပြန်ခရီး…. ဒါနောက်ဆုံးလေယာဉ်…

ခါးလိုက်တဲ့ဘဝရယ်…,,,……

လေယာဉ် သုံးဆင့်စီးပြန်ခဲ့ရသော အပြန်ခရီး…. ဒါနောက်ဆုံးလေယာဉ်…

ဘန်ကောက်မှ ရန်ကုန်..လေယာဉ် စက်နှိုးသံနှင့်အတူ

အလိုလိုပြုံးမိသော မိမိကိုယ်ကို သတိထားမိသည်ပျော်သည်။ ဘာနဲ့မှ မတူသော လွတ်လပ်မှု။ သင်္ဘောသားတယောက်၏ အိမ်ပြန်ခရီး….

ဒါပေမယ့် ကျန်းမာရေးမကောင်းသဖြင့် စာချုပ်မပြည့်ပဲ ပြန်လာရခြင်းဖြစ်သည်။

ဘာဖြစ်ဖြစ် ဒါနောက်ဆုံးအခေါက် ..

နောက် သင်္ဘောမလိုက်တော့ဘူး…

သင်္ဘောသားဘဝ နိတ္ထိတန်ပါပြီ…

ဒီနောက်ဆုံးခေါက်မလိုက်မီကပင် အဆုတ်ကမကောင်းချင်။ ဆရာဝန်က နားသင့်သည်ဆိုပေမယ့် နောက်ဆုံးတခေါက်အဖြစ် ပိုက်ဆံလိုချင်သည်။

ဇနီးသည်နဲ့ သားသမီးတွေကလည်း လိုက်စေချင်သည် ။ နောက်ဆုံးတခေါက်ပေါ့။

သင်္ဘောပေါ်မှာက engine fitter ။ဘာဖြစ်ဖြစ် အကြောင်းရှိလျှင် ဖစ်တာက အကြမ်းခံ ။ ရှေ့တန်းတိုက်စစ်မှူး။ မီးခိုးငွေ့တွေကြား ကာဗွန်မှုံတွေကြားမှာ ဖစ်တာက သူရဲကောင်း။ ဖြစ်နေတဲ့ဝေဒနာက အဆုတ် ။

ရှူနေရတာက မီးခိုးငွေ့။ လုပ်နိုင်သမျှအချိန် ရလာမယ့်ငွေက အမြတ်ပါပဲဆိုပြီး လုပ်နေပေမယ့် လူကမခံနိုင်တော့။ ဆေးခန်းပြတော့ un fit။ အိမ်ပြန်ပေါ့။

ငယ်ဘဝတလျှောက်လုံး ရုန်းကန်ခဲ့ပြီးပြီ။ ဖစ်တာဆိုပေမဲ့ တောင်ဥက္ကလာမှာ က်ိုယ်ပိုင်ခြံနဲ့ တိုက်နဲ့ကားနဲ့။

သားကြီးကဆရာဝန်။ သမီးကြီးက ကွန်ပျူတာကျောင်းဆင်း။ သမီးငယ်က စီးပွါးရေး တက္ကသိုလ်တက်နေဆဲ။

ခု ၅၅ ဖြစ်နေပြီ။ ၅၀ လောက်ကတည်းက အဆုတ်က စနေပြီ။

စားဝတ်နေရေး မပူရပေမယ့် သားသမီး မျက်နှာမငယ်ရအောင် ကြိုးစားခဲ့သည်။

ခုတော့ စိတ်လျှော့လိုက်ပြီ။ ဇနီးနဲ့သားသမီးကြားမှာပဲ အပြုစုခံတော့မည်။ တလှည့် စည်းစိမ်ခံတော့မည်။ အိမ်ထောင်ကျပြီဖြစ်သော သားဆရာဝန်၏ ဆေးကုသမှုကို ခံစားရင်း ပီတိဖြစ်ရမည်။

သင်္ဘောသားတယောက်၏ နောက်ဆုံးနားချိန်၏ စည်းစိမ်။

” ဦးလေး ခါးပတ်ပတ်ထားပါ လေယာဉ်ဆင်းတော့မယ်” ဟူသော မြန်မာမလေး၏ စကားသံကြောင့် အတွေးစတွေ ပြတ်သွားသည်။

ရောက်မယ်မှန်းသိပါလျက် ရောက်ပြီဆိုတော့ ရင်ခုန်ရပြန်သည်။

ဒါ သင်္ဘောသားတိုင်း၏ မရိုးနိုင်သော ပီတိ။

ယခင်အခေါက်တွေကနဲ့ မတူသော ဇနီးသည်၏ ညှိုးငယ်သောမျက်နှာကိုမြင်တော့ ဝမ်းမနည်းပဲ ဝမ်းသာမိသည်။

ကျုပ်လိုချင်နေတာ သူမ၏ မေတ္တာတရားလေ။ သူမစိတ်မကောင်းဖြစ်ပေလိမ့်မည်။

အိမ်ထောင်ရှင်လင်ယောင်္ကျားက နေမကောင်းဖြစ်လာတာကိုး။

သမီးတွေက လာမကြိုအားဘူးတဲ့လေ။ အလုပ်တွေကျောင်းတွေက မအားဘူး။ သူ့မောင်တစ်ယောက်နဲ့ လာကြိုတဲ့ ဇနီးသည်ရှေ့ရောက်တော့မှ တလမ်းလုံးကောင်းလာသောချောင်းက ထဆိုးပြန်သည်။

ယောက်ဖလုပ်သူက ကျောကို ဖိပေးနေချိန်မှာ ဇနီးသည်ခမျာ ခြေမကိုင်မိ လက်မကိုင်မိ။

မိသားစုနဲ့နေရတဲ့ ငြိမ်းချမ်းမှုကြောင့် စိတ်ကရွှင်လန်းတက်ကြွနေပေမယ့် လူကတော့ တနေ့တခြား သိသာစွာ ကျလာသည်။

အသက်ရှူကြပ်တဲ့အချိန်များသလောက် ညညချောင်းဆိုးတာ မအိပ်နိုင်။ အရိုးပေါ် အရေတင်။

ကောင်းပေ့ တော်ပေ့ဆရာဝန်တွေနဲ့ ပြပေမယ့် မထူးခြား။ အဆုတ်ကဒဏ်ရာတွေ မကုနိုင်တော့ဘူး။

ဆေးခန်းတွေချိန်းသမျှတော့ အပျက်မခံ။ ရသလောက်ကုမည်။ ဘဝစည်းစိမ်ဆိုသော မိသားစုကြားမှာ နေနိုင်သမျှနေပြီး ပျော်ရွှင်ရဦးမည်။

” ဒီလိုမှန်းသာသိရင် ဒီနောက်ဆုံး အခေါက်ကို မလိုက်ခိုင်းပါဘူး” ဆိုသော ဇနီးသည်၏ မကြာခဏ ကြေကွဲသံကြောင့်လည်း သနားပိုရပြန်သည်။

ဒါပေါ့လေ အိမ်ထောင်သက် သုံးဆယ်ကျော်တော့လဲ ချစ်လင်ကို သနားရှာမှာပေါ့။

အသက် ၂၀ ကတည်းက သင်္ဘောသားဘဝ ရခဲ့သည်။ အိမ်ထောင်ကျလို့ အိမ်ထောင်ရေးသုခဆိုတာလည်း အိမ်ထောင်သက်ရဲ့ ငါးပုံတပုံတောင် အိမ်မှာနေချိန် မရှိခဲ့ဘူး။

သင်္ဘောပြီး သင်္ဘောပါပဲ။ အိမ်ပြန်ရောက်တာနဲ့ သင်္ဘောပြန်တက်ဖို့ ကြိုးစားခဲ့သူ။

ကျန်းမာရေးအရ နောက်ဆုံးအချိန်ဆိုတာ သိနေပေမယ့်လည်း ဆရာဝန်သားကြီးရဲ့ အကုအသ။

သမီးများရဲ့ အယုအယ။ ဇနီးမယားရဲ့ သမုဒယကြားမှာ ရသမျှလေး ပျော်ပျော်နေသွားမယ် ဆိုတဲ့စိတ်နဲ့ စိတ်မာန်မပျက်ပါဘူး။

ညညဆို ချောင်းကဆိုး ရင်ကြပ်နဲ့ မအိပ်နိုင်ပါဘူး။ ကျောကိုဖိ ရင်ဘတ်လေး ဖိသပ်ပေးသူနဲ့ဆို နည်းနည်းနေသာသေးတယ်။

တလံလောက်အကွာမှာ အိပ်နေသော ဇနီးသည်ကိုလည်း အားနာစိတ်က ကြီးလာသည်။

ချောင်းဆိုးသံကို တိုးတိတ်စေဖို့ကလည်း အုပ်ဆိုင်းလို့ရတာမဟုတ်။

ချောင်းသံ ငါးချက်လောက်ဆို ချွဲထပြီး ရင်ကြပ်တော့လည်း မသက်သာ။တဂွီးဂွီး ကြပ်နေတတ်သည်။

ဒီညတော့ ဇနီးသည်လည်း နိုးမလာခဲ့။

ပင်ပန်းပြီး အိပ်မောကျနေသည်ထင့်။ ရက်တွေရှည်လာပြီကိုး။

” သမီးရေ…. သမီး….သမီးကြီး….”

”သမီးလေးရေ ….ဖေဖေ့ဆီ လာပါဦး …”

မတတ်သာတော့ဘူး ဇနီးသည်မနှိုးရက်တော့ သမီးတွေ နှိုးကြည့်လိုက်သည်။ ဘာသံမှ မကြားရ။

အမောက ဖေါက်လာပြီ။ တယောက်တော့ ကြားနိုင်ကောင်းပါရဲ့။

” သမီးတို့ရေ…သမီးတို့”

” အဲဒါလောက် ခေါ်မနေနဲ့လေ ကြားမှာမှ မဟုတ်တာ ”

အသံနဲ့အတူ ရုတ်တရက်ထလာတာက ဇနီးသည်။

လေသံကတော့ မာထန်နေသည်။ ကိုယ့်ရင်ဘတ်ကိုယ်ဖိရင်း မေးခွန်းမျက်လုံးတွေနဲ့ ငေးကြည့်နေမိသည်။

” ညည …ရှင့်ချောင်းဆိုးသံကြောင့် အိပ်ရေးပျက်လို့ဆိုပြီး သူငယ်ချင်းအိမ် သွားအိပ်ကြတယ်လေ…ခေါ်မနေနဲ့ …. သူတို့မကြားဘူး.,.”

ဇနီးသည် စကားသံအဆုံး အသက်ရှူဖို့ပင် မေ့သွားသလို ထင်မိသည်။ ချောင်းဆိုးခြင်း ရင်ကြပ်ခြင်းတွေပင် ရပ်သွားသည်။

ကျောပြင်ကို ဖိပေးနေတဲ့ ဇနီးသည် လက်တွေက လိုတာထက် ပိုဖိနေသလိုပင်။ ဖိချက်တွေက မြန်နေသည်။

ဇနီးသည်၏ အသက်ရှူသံ ခပ်ပြင်းပြင်းကို ကြားနေရသည်။ သူ့သမီးတွေအပေါ် ဒေါသထွက်နေပြီထင်သည်။

အိပ်ယာပေါ်အသာလှဲရင်း အခြေအနေတွေ သုံးသပ်ကြည့်သည်။ ခုနောက်ပိုင်း ဆေးခန်းပြလျှင် မိသားစုမပါပဲ တခြားသူတွေနှင့် လွှတ်တာရှိသည်။

သမီးတွေဆို မလိုက်တာကြာပေါ့။ ပိန်ချုံးနေပြီး ရုပ်ပျက်နေတဲ့ ဖခင်ကို အတူဆေးခန်းပြရမှာ ရှက်နေကြပြီလေ။

ဟုတ်ပါတယ်လေ အရိုးပေါ်အရေတင် လူရုပ်တောင်ပျက်နေတဲ့ ဖခင်ပဲလေ။

ရှက်မှာပေါ့ အပျိုလေးတွေကိုး။

ဆရာဝန်သားကလည်း ဆေးခန်းမအားဟုဆိုကာ အလာကျဲသည်။

ဖေဖေ ဖြစ်နေတဲ့ရောဂါကလည်း သူနဲ့ အလှမ်းကွာသည်ဆိုပဲ။

ဖခင်ချောင်းဆိုးသံကိုပင်လျှင် သည်းမခံနိုင်တော့သော သမီးများ။

သားသမီးတွေ မှာကြားသမျှ ရောက်သမျှနိုင်ငံတိုင်း ရှာကြည့်ပေးခဲ့သည်။ ဝယ်ပေးခဲ့သည်။

ဖေဖေ ဖေဖေ အသံတွေ စီစီညံခဲ့သည်။

ခုတော့ တိုတောင်းသော အနာဂတ်သည်ပင် မပီပြင်တော့ မှေးမှိန်လာခဲ့ပြီပဲ။

တော်ပါသေးရဲ့ ဇနီးသည် အနားမှာ ရှိနေသေးလို့။

ခင်ပွန်းကျေးဇူး စောင့်သိသူ ဇနီးသည်၏ နှလုံးသား ချစ်ခြင်းမေတ္တာသည်ပင် အားကိုးရာ ရှိတော့သည်။

ထွေးထုတ်လိုက်တဲ့ သလိပ်ထဲမှာ သွေးတွေပါလာပြီပဲ။ ရင်ခေါင်းထဲက အောင့်အောင့်လာတဲ့ ဝေဒနာကလည်း မသက်သာပါဘူး။

နေ့အပူဘက်ရောက်လျှင် သက်သာတတ်တဲ့ အသက်ရှူကြပ်ခြင်းကလည်း ဒီနေ့ မသက်သာခဲ့။

အိမ်မှာမအိပ်တဲ့ သမီးတွေအတွက်ကလည်း သောကအပူ ပိုရပြန်သည်။ အလှအပတွေပြင်ပြီး အလုပ်သွားဖို့ထွက်လာတဲ့ သမီးကြီးကိုမြင်တော့ အံ့သြရပြန်သည်။

ဘယ်အချိန်ကတည်းက ပြန်ရောက်နေသည်မသိ။ ဒါဆိုပြန်လာတော့လည်း ဖေဖေ့ကို နှုတ်မဆက်ဘူးပေါ့။ ဖေဖေ ဘယ်လိုနေသေးလဲ မမေးခဲ့ဘူးပေါ့။

” သမီးငယ် ပြန်မလာသေးဘူးလား”စိုးရိမ်စိတ်နဲ့ မေးမိတော့ သူ့သူငယ်ချင်းအိမ်ကနေ ကျောင်းသွားပြီတဲ့လေ ။

တိတ်ဆိတ်တဲ့ ဒီအခန်းထဲမှာ နာရီစက်သံ တဒက်ဒက်ကိုပဲ အဖော်ပြုနေရသည်။ အိမ်ရဲ့ ဆည်းလည်းသံတွေကလည်း တိတ်ဆိတ်လှသည်။

သလိပ်ထင်ပြီး ထွေးထုတ်သမျှ သွေးတွေချည်း ဖြစ်နေသည်။ လူစုစု စုစု အသံကြားရသည်။

အိပ်ယာပေါ် အားတင်းထထိုင်လိုက်သည်။

” ငါ့ကို ဧည့်ခန်းထဲ ပို့ပေးပါလား”ဇနီးသည်က ညှိုးငယ်သောမျက်နှာဖြင့် သက်ပြင်းမောကို ဖြေးဖြေးချရင်း လာတွဲထူ လိုက်ပို့ပေးသည်။

အံ့သြရပြန်သည်။ အခန်းထဲသာ ဝင်မလာကြတာ ဧည့်ခန်းမှာ လူစုံတက်စုံ။ ကျွန်တော့ကို တချက်စီသာ လှမ်းကြည့်ပြီး သူတို့အချင်းချင်းသာ မျက်လုံးချင်းစကားပြောနေသည်။

” ကဲ … ဘာဆက်လုပ်ကြမလဲ …ဆေးခန်းပဲ သွားကြမလား” ဇနီးသည် အမေး။

” သွားမယ်လေ မေမေ… သူ့ဆရာဝန်နဲ့မှ သက်သာမှာလေ ”

သားကြီးဆရာဝန်ရဲ့ ဖြေသံ။

” အေးဟာ .,. ဒီလိုမှန်းသာသိရင် သင်္ဘောနောက်ဆုံး အခေါက်ကို မလိုက်ခိုင်းပါဘူး ” ဆိုသော ဇနီးသည်၏ မချိတင်ကဲ ကြေကွဲနေသောစကားသံ။

” မိန်းမရယ် …ဘယ်တတ်နိုင်မလဲ ဖြစ်ပြီးမှပဲ..

ဆရာဝန်နဲ့ ပြရင် သက်သာသွားမှာပါ”

ဇနီးသည်ရဲ့ စိုးရိမ်စိတ်သောကအပူတွေ ပြေစေခြင်းငှာ ကျွန်တော် ဖေးကူပြောပေးလိုက်သည်။

ဒါပေမယ့် ”ခုတော့ ကြည့်လေ …နောက်ဆုံးအခေါက် ရလာတာနဲ့ … ဆေးကုရတာနဲ့ စာရင် အိမ်ကပိုက်ဆံတောင် စိုက်ထုတ်နေရပြီ …”

နားကြားများလွဲသလား အိပ်မက်များ မက်သလား ။

သမီးတွေကြောင့် မျှော်လင့်ချက် မှေးမှိန်ခဲ့သည်။

ယခုတော့ ဇနီးသည်ကြောင့် မျှော်လင့်ချက်တို့ ပျောက်ကွယ်သွားခဲ့ရှာပြီလေ။

ထုထည် ကြီးမားစွာ ပျို့တက်လာသမျှကို အားတင်းပြီး ပြန်မျိုချလိုက်သည်။ ဒါတွေလည်း သွေးတွေပဲဖြစ်မှာပါ။

ကျွန်ုပ်အတွက် ဒီဘဝအတွက် ဘာမှမလိုအပ်တော့ပါဘူး။

မိသားစုကလည်း ကျွန်ုပ်ကို မလိုအပ်တော့ဘူးလေ။

အရိုးပေါ် အရေဖုံးနေတဲ့ ဒီရုပ်ကို စိတ်ကဆောင်နေလို့ မလဲသေးတာလေ။ ခုတော့ စိတ်လည်း မဆောင်နိုင်တော့ပါဘူး။

ဘာကိုမှီ၍မှ မာန်တင်းဖွယ် မရှိတော့ပါဘူး။

ဝရိန်(welding) မီးခိုးငွေ့တွေကြားမှာ

မှုန်ဝါးဝါး ပြန်မြင်နေမိတာက ကျွန်ုပ်ကိုယ် ကျွန်ုပ်ပါပဲ။

မိသားစုကို ချစ်၍ ဘဝနှင့်ရင်းခဲ့သော သင်္ဘောသားဘဝက မီးခိုးငွေ့နဲ့အတူ ပျောက်ဆုံးရရုံပါပဲလား။

အရာရာ မှုံဝါးဝါးဖြစ်ရာကနေ အားလုံး… အားလုံး…ငြိမ်သက် တိတ်ဆိတ် ပြီးဆုံးခဲ့ရပါပြီ။ ။

မြတ်စိုးနိုင်သားငယ်လေး(ဒါနပင်လယ်)

Photo : credit.