ၾကားသိရသမွ်

အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ဦးဇော်ဝမ်း ၏ ဘဝအကြောင်း

အတာ သို့မဟုတ် သင်္ကြန်မင်းသားကြီး ဇော်ဝမ်း

ဇော်ဝမ်းသည် မြန်မာရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်တစ်ဦး ဖြစ်ပေသည်။

၁၉၄၅-ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်တွင် မန္တလေးမြို့၌ အဖ တိုင်းချစ်သခင်သိန်းဖေ + အမိဒေါ်မြမြတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်ရှိပြီး ဒုတိယမြောက်သား ဖြစ်သည်။

အမည်ရင်းမှာ သောင်းဒန် ဖြစ်ပြီး ငယ်မည်မှာ အတာ ဖြစ်သည်။ အပေါင်းအသင်းများက ကိုတာ၊ ဖိုးတာကြီးဟု ခေါ်သည်။

ဒါရိုက်တာ မောင်တင်ဦး၏ ညီ ဖြစ်သည်။ ညီမမှာ ဒေါ်ဆွေဆွေ ဖြစ်သည်။

ဇော်ဝမ်း

မွေးသက္ကရာဇ် ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်

အမည်ရင်းသောင်းဒန်၊ ငယ်မည်-အတာ

မိဘအမည် တိုင်းချစ်သခင်သိန်းဖေ + ဒေါ်မြမြ

မွေးဖွားရာဒေသ မန္တလေးမြို့

နိုင်ငံသား ဗမာလူမျိုး

ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာပညာ

အရည်အချင်း အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော်

ထင်ပေါ်ကျော်ကြားမှု သင်္ကြန်သီချင်းများဖြင့် နာမည်ကြီးသည်။

မန္တလေးမြို့ တိုင်းချစ်ကျောင်းတွင် ၁ဝ-တန်းအထိ ပညာသင်ယူခဲ့သည်။ ကျောင်းကပွဲများ၊ ဂီတဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့သည်။

ဓာတုဗေဒ အဓိကနှင့် တက္ကသိုလ် ပထမနှစ်တက်ပြီး ဆက် မတက်တော့ဘဲ အနုပညာလောကထဲသို့ ဝင်ရောက်လာသူ ဖြစ်သည်။

`မိုးကေသီ´အပျော်တမ်း တူရိယာအဖွဲ့ တည်ထောင်သူ ဦးဘိုခင်ထံတွင် အဆို၊ အတီး ပညာများ လေ့လာလိုက်စားခဲ့သည်။

ထိုတီးဝိုင်း၏ ပင်တိုင်အဆိုတော် သန်းလွင် အမည်အဖြစ် နာမည်ရခဲ့သည်။ ဇော်ဝမ်းဆိုသော အမည်ကို ဘုန်းကြီးက ပေးထားသည်ဟု သိရသည်။

အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ရှုမဝဦးကျော်ထံတွင် သရုပ်ဆောင်ပညာ သင်ယူလေ့လာခဲ့သည်။

ဇော်ဝမ်းသည် ရှုမဝ ဦးကျော် ရုပ်ရှင်သင်တန်းမှ အစ်ကိုဖြစ်သူ မောင်တင်ဦးနှင့်အတူ ပေါ်လာသည့် အနုပညာရှင်တဦး ဖြစ်ကြောင်း ရုပ်ရှင်လောက အသိုင်းအဝိုင်းတွင် လူသိများသည်။

ရှုမဝဦးကျော်၏ `ချွေးကလေးစိုစို´ဇာတ်ကား တွင် ဇာတ်ဝင်ခန်းတစ်ခန်း ပထမဆုံး ပါဝင် ရိုက်ကူးခဲ့ပြီး မိဘများ၏ ပံ့ပိုးမှုဖြင့် စေလိုရာစေ ဇာတ်ကားကို ပွဲဦးထွက် သရုပ်ဆောင်ခဲ့သည်။

ထိုဇာတ်ကားတွင် လင်းထင်၊ ဆွေဇင်ထိုက်တို့နှင့် တွဲဖက်သရုပ်ဆောင်ကာ နာမည် ကျော်ကြားခဲ့သည်။ ထိုဇာတ်ကားတွင် `ကျောက်ခဲ´သီချင်းကို ကိုယ်တိုင် သီဆိုခဲ့သည်။

ဇာတ်ကား မထွက်ခင် ပြည်ထောင်စုပွဲ၌ ဇော်ဝမ်း အမည်ဖြင့် ကျောက်ခဲသီချင်း သီဆိုခဲ့ရာမှာလည်း အောင်မြင်ပြီး ဇာတ်ကားထွက်သည့်အခါ လူပိုသိသွားပေတော့သည်။

မမုန်းလေနဲ့ ငပလီ၊ လူ့မနော၊ နေထွက်သောည၊ မေတ္တာဘုံသို့ နှစ်ခေါက်လေ၊ ပလက်ဖောင်းမင်းသား၊ ကြမ္မာရဟတ်၊ သံသရာလည်သရွေ့၊ ရွှေသမက်ငွေသမ က်၊ ကျွန်တော်နှင့် ကိုဘကျော်၊ တို့နှစ်ယောက်နှင့် မိငြိမ်းချမ်း၊ ပုစ္ဆာဆန်သောမိန်းကလေး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ သင်္ကြန်မိုး စသည့်ဇာတ်ကားများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။

သည်အထဲတွင် `နွေရူပ´ဇာတ်ကားသည် အကယ်ဒမီ ရမည်ဟုပင် မှန်းထားသော ဇာတ်ကား ဖြစ်သည်။

ဇနီးဖြစ်သူမှာ ဒေါ်စိန်စိန်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် အောင်မြင်နေသောအချိန်တွင် ဇနီးသည်က ဖော်ကောင် လုပ်သောကြောင့် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျသွားခဲ့ရသည်။

ထောင်မှ ထွက်လာပြီးသည့်နောက် ရုပ်ရှင်နယ်ပယ်သို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

နှစ်အတန်ကြာပြီးနောက် ၁၉၈၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး စီစဉ်သည့် နာမည်ကျော်` သင်္ကြန်မိုး´ ဇာတ်ကားဖြင့် လူသိပြန်များလာခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းနှင့် ခေတ်ပြိုင်ဖြစ်ပြီး အဆိုအရာတွင် ဇော်ဝမ်းက သာပေသည်။ “ဘယ်ပန်းချီရေးလို့မမီ”၊ “မိစိမ်းကားကြီး” သီချင်းတွင်လည်း သီဆိုမှု ကောင်းသည်။

မန္တလေးသင်္ကြန်တွင် ဝင်းဦး မရှိတော့သည့် နောက်ပိုင်း ဇော်ဝမ်းသီချင်းများ ခေတ်စားလာခဲ့သည်။

မြို့မ အပျော်တမ်း တူရိယာ အဖွဲ့နှင့်လည်း ဇော်ဝမ်းသည် အတွဲမိပေသည်။

မြနန္ဒာ အပါအဝင် သင်္ကြန်သီချင်းများ ဖြစ်သည့် နွေမ၊ ရှာပုံတော် မင်းသားကြီး၊ ရွှေမန်းမာလာ စသည့် မရိုးနိုင်ဖွယ်ရာ သီချင်းများ သီဆိုခဲ့ပြီး (သင်္ကြန်မင်းသား) ဟု နာမည်ကြီးသည်။

သင်္ကြန်တွင် သူ၏သီချင်း မပါလျှင် မပြီးဘူး ဆိုရလောက်အောင် နာမည်ကြီးပေသည်။ နောက်ဆုံးသီချင်း အနေဖြင့် မြို့မအဖွဲ့၏ `အသက်ကလေးရယ်တဲ့ ရှည်စမ်းချင်´တေးစီးရီးတွင် `ရတနာပုံ နှစ် ၁၅၀´သီချင်းကို တစ်ဦးတည်း သီဆိုခဲ့သည်။ သီချင်းအပုဒ် တစ်ထောင်ကျော် သီဆိုခဲ့သည်ဟု သိရလေသည်။

၁၉၇၃ ခုနှစ် အကယ်ဒမီ ရရှိသွားသော `ဘယ်သူပြိုင်လို့ လှပါတော့နိုင်´ဇာတ်ကားတွင်လည်း ခေတ်လူငယ်အသွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီရရှိသည့် မောင်ယဉ်အောင် (မြို့တော်) ရိုက်ကူးသော `ကိုးဆယ်ဆ သာလိမ့်မယ်´ ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်၊ စင်္ကာပူ သင်္ကြန်ပွဲတော်တွင် မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း တို့နှင့်အတူ သွားရောက် သီဆိုခဲ့သေးသည်။

၂၀၀၉ ခုနှစ်၊ နှစ် (၁၅၀)ပြည့် မန္တလေး လှုံ့ဆော်တေးများကို ရိုက်ကူးရာမှာ ပါဝင်ပြီး သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ်ဆောင်ရွက်သွားခဲ့သည်။

ဇော်ဝမ်းသည် ယခုနောက်ပိုင်း သရုပ်ဆောင်မှု အခန်းများ၌ ဇာတ်ကောင်စရိုက် ပိုမို ပီပြင်လာခဲ့ပေသည်။ နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ `ဟော့ရှော့ (၃)´ ဖြစ်သည်။ နောက်ဆုံးရိုက်ခဲ့သော ဗီဒီယို ဇာတ်ကားမှာ `မျက်ဝန်းလိပ်ပြာ´ဖြစ်သည်။

ဇော်ဝမ်းသည် ၁၉၇ဝ ခုနှစ်မှ စတင်ကာ ဘဝတ‌လျှောက်တွင် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၁၅ဝ ကျော်ခန့် ရိုက်ကူး သရုပ်ဆောင်ခဲ့သော်လည်း အကယ်ဒမီဆု မရရှိခဲ့ပေ။

ဘဝနိဂုံး

၂၀၀၉ ခုနှစ်၊ ဧပြီလ အတွင်းကလည်း အစာအိမ် သွေးကြောပေါက်ကာ သွေးအန်၍ ရန်ကုန် ဗဟိုစည် ဆေးတိုက်၌ ဆေးသုသမှု ခံယူရသေးသည်။

၂၀၀၉-ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ ည(၈:၃၀)အချိန်၌ အသည်းရောဂါနှင့် အင်းစိန်မြို့နယ် သီရိစန္ဒာဆေးခန်းတွင် ကွယ်လွန်သွားလေသည်။

ကွယ်လွန်ချိန်တွင် အသက် ၆၄-နှစ်ရှိပြီ အစ်ကိုဖြစ်သူ မောင်တင်ဦး၏ လက်ပေါ်တွင် ကွယ်လွန်သွားခဲ့သည်။

သေဆုံးချိန်တွင် ဒုတိယ ဇနီးဖြစ်သူ ဒေါ်သန့်ရွှေစင်ဝင်းနှင့် (၆)နှစ် အရွယ်သား ဖြိုးသိင်္ခဇော်ဝမ်း တို့ ကျန်ရစ်ခဲ့သည်။ ဦးဇော်ဝမ်း ကွယ်လွန်ချိန်တွင် သားသမီး လေးယောက်၊ မြေးကိုးယောက် ရှိပါသည်။ ။

ကိုးကား

↑ နေထွတ် ပြုစုသည့် မန္တလေးအဘိဓာန်၊ စာ (၁ဝ၅)

↑ မော်ဒန်သတင်းဂျာနယ် (၁၄.၈.၂၀၀၉)

ခရက်ဒစ်…ဝီကီပီးဒီးယား

🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ

ပြန်လည်မျှဝေပါသည်။

Sai Min Thant