ကျောင်းမတက် ကျောင်းတက် ဘက်နှစ်ဖက်
၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူ ၃၃ ဦးကို ထိုင်းနဲ့ စင်္ကာပူသို့ စကစ က လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါတယ်။ (ဒီသတင်းကို စကစ သတင်းစာတွေက အတွင်းသတင်းအဖြစ် ဖော်ပြခဲ့ပြီး Daily Eleven သတင်းစာကတော့ မျက်နှာဖုံးသတင်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြခဲ့တာကို သတိပြုမိပါတယ်။)
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ နည်းပါးခဲ့ပြီး အဲ့ဒီနှစ်အတွင်း ကျောင်းတက်သူလည်း အလွန်နည်းပါးခဲ့ပါတယ်။ ကျောင်းသူကျောင်းသား နည်းပါးရုံတင်မက ကျောင်းဆရာ ဆရာမတွေပါ ရှားပါးခဲ့တာပါ။ အဲ့ဒီကြားထဲက ထူးထူးချွန်ချွန် အောင်မြင်လာတယ်ဆိုတဲ့ ၃၃ ယောက်ကို စစ်ကောင်စီက နိုင်ငံတကာလေ့လာရေးခရီး ပို့ဆောင်ပေးခဲ့တာပါ။ ငါတို့လူတွေထဲက အချွန်ဆုံး အမွန်ဆုံး ၃၃ ယောက်အတွက် ဂုဏ်ပြုခရီးစဉ်ဆိုတဲ့ သဘောပေါ့လေ။
၂၀၂၂-၂၃ စာသင်နှစ်မှာတော့ ကျောင်းတက်သူတွေအရင်ထက်စာရင် အတော်များလာတယ်လို့ ပြောရမှာပါ။ မနှစ်ကအရှိန် လျော့ကျလာတာကတကြောင်း၊ ကိုဗစ် ၁၉ သက်သာလာတာကလည်းတကြောင်းကြောင့်လို့ ထင်ပါတယ်။ ကျောင်းဆရာ ဆရာမတွေလည်း ထိုနည်းလည်းကောင်းပါပဲ။
စကစ ကလည်း ကျောင်းမတက်သူ ဒို့ရန်သူ၊ ကျောင်းတက်သူ ငါတို့လူ လို့ သဘောထားပါတယ်။ ဒီသဘောထားကြောင့်လည်း ကျောင်းသားတွေ ကျောင်းမတက် တက်အောင် လှုံ့ဆော်ခဲ့ပါတယ်။ CDM ဆရာ ဆရာမတွေကိုလည်း နှိပ်ကွပ်အရေးယူတာတွေအပြင် လုပ်ငန်းခွင်ပြန်ဝင်ရင် အရေးမယူဘူးဆိုပြီး ပြန်လမ်းဖွင့်ပေးတာတွေ လုပ်လာပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကိုတောင် စနစ်ဟောင်းနောက်ဆုံးနှစ်ဆိုပြီး ကျတဲ့သူတွေ မဖြေတဲ့သူတွေအတွက် တနှစ်တိုးပေးလိုက်ပါသေးတယ်။
စကစ စိတ်ထဲမယ် ကျောင်းပြန်လာသူ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူ အားလုံးဟာ သူတို့အပေါ် နှစ်ထောင်းအားရ ထောက်ခံကြသူတွေလို့ အပိုင်ယူဆထားကြပုံပါပဲ။ ဒါပေမယ့် တဖက်မှာလည်း ကိုယ်ကလွဲ အရိပ်တောင် မယုံရဲတဲ့ စစ်အာဏာရှင်တွေမို့ CDM ကနေ အလုပ်ပြန်ဝင်လာတဲ့ ဆရာ ဆရာမတွေကို မပြတ်စောင့်ကြည့်ဖို့ ညွှန်ကြားတာတွေ ရှိလာပါတယ်။
(ဆရာ ဆရာမတွေကိုမှ မဟုတ်ပါဘူး၊ CDM ကနေ အလုပ်ပြန်ဝင်လာတဲ့ ဝန်ထမ်းတိုင်းကိုလည်း ဒီသဘောပဲ ထားပါတယ်။) နောင်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူ အားလုံးကိုလည်း ဒီအတိုင်း ပြုကျင့်သွားမှာပဲ ဖြစ်ပါတယ်။ (နဝတ၊ နအဖခေတ် ထောင်လိုကျောင်းတွေကို အမှတ်ရကြအုံးမယ်ထင်ပါတယ်။)
မနှစ်တုန်းက လှည်းကူးမြို့နယ် ပညာရေးမှူးရုံးက ကွန်ပျူတာကိုင်ဝန်ထမ်းတယောက်ကို စကစ က ဖမ်းဆီးအရေးယူခဲ့ပါတယ်။ PDF တွေဆီ သတင်းပေးမှုလို့ အကြမ်းဖျင်းနားလည်ရပါတယ်။ ဒီလိုပဲ ကျောင်းတက်နေရင်း အရေးယူခံရတဲ့ ဆရာ ဆရာမတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ဘာကိုဖော်ပြသလဲဆိုရင် ရန်သူ့ဌာနဆိုင်ရာအတွင်း ထိုးဖောက်စိမ့်ဝင်ပြီး ဒီမိုကရေစီအင်အားစုတွေအတွက် အလုပ်လုပ်ပေးနေသူတွေ ရှိတယ်ဆိုတာကို အထင်အရှားပြလိုက်တာပါပဲ။
(အရင်စကားနဲ့ဆို “ယူဂျီ”၊ ခေတ်စကားနဲ့ဆို “ဖရဲသီး”ပေါ့) ရှစ်လေးလုံးအလွန် ကာလတွေမှာ ပညာရေးဝန်ကြီးဌာနထဲ စိမ့်ဝင်နေတဲ့ ယူဂျီတွေ များလွန်းလို့ အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်ကိုယ်တိုင် ဝန်ကြီးဌာနမှာ မိန့်ခွန်းခြွေ ကြိမ်းမောင်းစည်းရုံးတာတွေ လုပ်ခဲ့ရဖူးပါတယ်။
၂၀၂၂ ကျောင်းဖွင့်ချိန်လောက်ကစလို့ ဒီမိုကရေစီအင်အားစုတွေဘက်က ပုဂ္ဂိုလ်အချို့က ကျောင်းပြန်တက်သူတွေကို Facebook ပေါ်တင် အရှက်ခွဲတာတွေ၊ သစ္စာဖောက်စွပ်စွဲတာတွေ လုပ်လာကြတာ သတိထားမိပါတယ်။ ကျောင်းတက်သူ ဆရာ ဆရာမတွေရော ကျောင်းသား ကျောင်းသူတွေပါ ကိုယ်စီ ကိုယ်စီ အကြောင်းကိုယ်စီ ရှိကြပါလိမ့်မယ် ထင်ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးအောင်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မမှန်းဆနိုင်တာက စ လို့ပေါ့လေ။
ဒါပေမဲ့ သေချာတာတခုကတော့ ကျောင်းပြန်တက်သူအားလုံးဟာ စကစ (ဝါ) စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ထောက်ခံသူတွေ လုံးဝ (လုံးဝ) မဟုတ်ကြပါဘူး။ ယူဂျီတွေ ဖရဲသီးတွေလည်း များစွာရှိနေမှာ သေချာပါတယ်။ (ရှေ့က သာဓကတွေလည်း ရှိခဲ့ပါပြီ) ကျောင်းသား ကျောင်းသူတွေဟာလည်း အခွင့်သာတဲ့အခါ ခွပ်ဒေါင်းသွေးကို ပြကြအုံးမှာပါ။
(စစ်အာဏာရှင်စနစ်အောက်က ကျောင်းတွေမှာပဲ ခွပ်ဒေါင်းသွေးကိုပြကြ၊ သမဂ္ဂတွေဖွဲ့ကြနဲ့ ဒီမိုကရေစီအရွေ့ကို ရွှေ့ခဲ့ကြတယ် မဟုတ်ပါလား။)
ခုချိန်ခါမှာတော့ စည်းရုံးရေးဟာ အရေးကြီးဆုံးဖြစ်တာမို့ အလွယ်တကူ သစ္စာဖောက်တံဆိပ် မကပ်ဘဲ နှိုင်းနှိုင်းချိန်ချိန် သုခမိန်လို စဉ်းစားကြနိုင်စေဖို့ လေးလေးနက်နက် တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ◾️
(အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၆ မှာ ဖော်ပြမယ့် ဆောင်းပါး)