Unicode
သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့အမည် သိရီသုဓမ္မ ရာဇာ မဟာဓိပတိဖြစ်သော်လည်း သူ၏လက်ထက်တွင် တိုင်းပြည်အလွန်သာယာလှသောကြောင့် သာလွန်မင်း ဟုသာ အမည်တွင်သည်။
ဒီအကြောင်းကို တွင်းသင်းမဟာရာဇဝင်သစ် တွင် ‘ညီတော် မင်းတရားမှာ တိုင်းကားပြည်ရွာ အသာလွန်သော ကြောင့် လည်ကောင်း ၊ ရွှေနန်းတော်ထက်တွင် သာယာစွာလွန်ရသောကြောင့် သော်လည်ကောင်း သာလွန် မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။
သာလွန်မင်းသည် ၁၉ နှစ် ကြာ ထီးနန်းစိုးစံပြီးနောက် သက်တော် ၄၈ နှစ်အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။ နတ်ရွာစံလွန်နီး ရက်များတွင် အခြေအနေများကား ထူးခြားလှသည်။
သဘင်နန်းထက်၌ စံနေတော်မူစဉ် အနောက်ဘက်ကောင်းကင်က သိသိသာသာပုံသဏ္ဍာန်ပြောင်းသွားသည်။ တီတံ ဘုရား ထီးတော်တင်မည်ဟု ထွက်သောအခါ နွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက်သို့ ထွက်ပြေးသည်ကို တွေ့ရသည်။
နောက်တစ်နေ့တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။ နန်းတော် အနောက်တောင်ထောင့်၌ ဘုံမတီးငှက်တစ်ကောင် မြေသို့ကျလာသည်။ ထိုအဖြစ်များသည် ထူးဆန်းသော နိမိတ်များပင်တည်..း။
သို့သော် သာလွန်မင်းသည် အတိတ်နိမိတ်များကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီ တော်ကြီး ထီးတော်တင်ရန် တောင်ငူမှ ကြွလာသော ဆရာတော်ထံ အခါတောင်းသည်။ ဆရာတော်က-
“ရေမြေ့ရှင်မင်းလက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊ သားတော်လက်ထက်မှသာ တင်နိုင်မည်ဖြစ်သောကြောင့် ထိုအချိန်မှသာ အခါပေးမည်” ဟု မိန့်တော်မူသည်။
သာလွန်မင်း အလွန်စိတ်ဆိုးသွားပြီးနောက် ဆရာတော်အား ပုဂံသို့ပို့လိုက်လေသည်။ ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကို ခေါ်၍ မေးပြန်သည်။ အဇာဂရုကလည်း “ကိုယ်တော်မြတ် ထီးတော်တင်ရန် အခါမမီချေပြီ” ဟု ဆိုပြန်သည်။
သာလွန်မင်းသည် အဇာဂရု အပေါ် အလွန်စိတ်ဆိုးသွားကာ “ငါ ဘယ်အခါ နတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက် ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း “မနက်ဖြန် ၁ချက်တီး ကျော်ကျော်မှာ နတ်ပြည်စံတော်မူမည်” ဟု ပြန်
လျှောက်သဖြင့် “မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွ မီးပုံရှို့မည်” ဟု နာရီခွက်ကို ဘေးတွင် ထားရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့် ချက်ချင်းသေတော့မည်ဟု အပြောများမှာ လုံးဝမဖြစ်နိုင်ဟု ထင်ဟန်တူသည်။
နေ့လည် သုံးချက်တီး အချိန်တွင်-“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့် နေသည်။ ညနေ ၄ချက်တီး အကျော်တွင်မူ အဖျားဝေဒနာ စတင်ခံစားရလေသည်။
သမားတော်များ အစွမ်းကုန် ကုသကြသည်။ နောက်နေ့ ၂ချက်တီးကျော်တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြင့်၊ စကားများ ကယောင်ကတမ်း ပြောနေတော့သည်။
စကားမှာ မပီတော့။ ၄ ချက်တီး တွင်မူ နတ်ပြည်စံလေတော့ သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့သော်လည်း အနီးစပ်ဆုံးမှန်သွားခဲ့သည်။
ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး