ဝက်ခြံလေးတွေကို အမြန်ဆုံးသက်သာစေဖို့နဲ့ နောက်ထပ် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်
၁။ ရေမှန်မှန်ချိုးပါ။
လူတွေက ရေချိုးရမှာကို အရမ်းပျင်းကြပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ ဒီလိုမျိုး တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လေးတောင် မချိုးဘူးဆိုရင် ရင်ဘတ်၊ ကျောကုန်း အပြင် တခြားသောနေရာတွေမှာပါ ဝက်ခြံပေါက်ဖို့ အခွင့်အလမ်းပိုများနိုင်တာပေါ့။ ဒါကြောင့် မနက်
အိပ်ရာထတဲ့အချိန်တစ်ကြိမ်နဲ့ အပြင်ကပြန်လာပြီး ညမအိပ်ခင်တစ်ကြိမ်၊ စုစုပေါင်း တစ်နေ့ကို ရေနွေးနဲ့ ၂ကြိမ်ချိုးပေးသင့်ပါတယ်။ ကိုယ်ခန္ဓါက အညစ်အကြေးကင်းစင်၊ မွှေးသန့်နေပြီး ချွေးတွေ မရှိဘူးဆိုရင် ဝက်ခြံပေါက်နိုင်ခြေဆိုတာ မရှိသလောက် နည်းသွားပါလိမ့်မယ်။
၂။ ကိုယ်တိုက်ဆပ်ပြာကို သေချာရွေးဝယ်ပါ။
ဆပ်ပြာဖြစ်ရင်ပြီးရောဆိုပြီး တွေ့တဲ့ဆပ်ပြာနဲ့ အရေပြားကို တိုက်ချွတ်တဲ့အကျင့်ကို မေ့ပစ်လိုက်ပါတော့။ ကိုယ်က ဝက်ခြံပေါက်နေတယ်ဆိုရင် ဒီဝက်ခြံကို အမြန်ပျောက်ဖို့ ဘက်တီးရီးယားပိုး ကာကွယ်ပေးနိုင်တဲ့ Anti-bacterial အမျိုးအစား ကိုယ်တိုက်ဆပ်ပြာတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
၃။ တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးပါ။
အခုနောက်ပိုင်းမှာ Scrub အကြောင်းကို လူတွေတော်တော်များများ နားလည်ကြလာပါပြီ။ သူ့ရဲ့ တာဝန်ကတော့ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေကို ခွာချပေးနိုင်တယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထွက်လာဖို့ ကူညီပေးတယ်။ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေး၊ ဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်တာပါပဲ။
ဆက်လက်ဖတ်ရှုမည်။
Scrub လို့ဆိုရာမှာ ဓါတုဗေဒပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အမျိုးအစားတွေလည်း ရှိသလို၊ အိမ်တွင်းစားစရာ (ဥပမာ- သကြား၊ ပျားရည်၊ သံပရာရည်၊ သခွားသီး အစရှိသဖြင့်) တွေနဲ့ အလွယ်တကူလုပ်လို့ ရတာတွေလည်း ရှိပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်ညီတာကို
သေချာရွေးချယ်ရင်း ရေမချိုးခင်မှာ ၅မိနစ်လောက်အချိန်ပေးပြီး Scrub တိုက်ပေးတာ အကောင်းဆုံးပါပဲ။ နေ့တိုင်းတိုက်ဖို့ မလိုပါဘူး။ ၂ရက်ခြား တစ်ခါ ဒါမှမဟုတ် တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးနိုင်ရင် အဆင်ပြေပါတယ်။
၄။ အသားအရေကို အစိုဓါတ်ပြန်ထိန်းပါ။
ရေချိုးပြီးတဲ့အချိန်တိုင်း မဖြစ်မနေ လုပ်ပေးသင့်တာကတော့ အရေပြားကို အစိုဓါတ်ဖြည့်ပေးဖို့ပါပဲ။ ရေချိုးလိုက်တဲ့အခါ ကိုယ်ပေါ်က အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် အသားက
ခြောက်သွားပါတယ်။ ဒီလို ခြောက်သွားတဲ့အသားအရေဟာ ဝက်ခြံဖြစ်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းပေးလို့ရပါတယ်။ အစိုဓါတ်ဖြည့်ပေးနိုင်တဲ့ ကိုယ်လိမ်း Lotion တွေကို သုံးမယ်ဆိုလည်း အဆင်ပြေတယ်နော်..။
၅။ အဝတ်လျှော်ဆပ်ပြာကို အပြင်းစားတွေ မသုံးပါနဲ့။
တစ်ကိုယ်ရေသန့်ရှင်းမှုလို့ ဆိုရာမှာ ကိုယ်နေ့တိုင်းဝတ်နေတဲ့ အဝတ်အစားတွေ သန့်ရှင်းပြီး ပိုးမွှားကင်းနေဖို့လည်း အရေးကြီးတယ်မလား။ ဒီလို သန့်ရှင်းဖို့ကို အရမ်းအာရုံစိုက်ထားပြီး
အပြင်းစား အဝတ်လျှော်ဆပ်ပြာတွေ သုံးမယ်ဆိုရင်တော့ အဝတ်သာမကဘဲ ကိုယ့်အရေပြားက ဓါတ်မတည့်ဖြစ်ပြီး နဂိုရှိနေတဲ့ ဝက်ခြံတွေက ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်ဆပ်ပြာကို သိပ်ပြီး မပြင်းတဲ့အမျိုးအစားလေးတွေ ရွေးဝယ်ပြီး အသုံးပြုစေချင်ပါတယ်။
၆။ ချောင်ချိတဲ့ ချည်သားအဝတ်တွေ ဝတ်ပါ။
လေထွက်ပေါက်တောင် မရှိလောက်တဲ့အထိ အဝတ်အစားတွေ ပြည့်ကျပ်နေရင်တော့
ချွေးပေါက်ထဲ အညစ်အကြေးတွေ ပိတ်မိဖို့ ပိုပြီးလွယ်ကူတာပေါ့။ ဒါကြောင့် အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည်တွေကိုပဲ အဓိကဝတ်ဆင်ပေးသင့်ပါတယ်။
၇။ ရေများများသောက်ပါ။
ခုလို နေပူတဲ့အချိန်ဆို ကိုယ်ခန္ဓါက ချွေးတွေအရမ်းထွက်တယ်မလား။ ဒီလိုချွေးတွေ ထွက်သွားရင် ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးသွားတာပေါ့။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေက
မွဲခြောက်ခြောက်ပြီး ဖြစ်ပြီး လူကိုအိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် ချွေးပေါက်တွေလည်း ကျယ်စေလို့ ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်ဆို ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
ဒီနည်းလမ်းတွေကို ရင်ဘတ်ပေါ်က ဝက်ခြံတွေကို အချိန်တိုအတွင်း သက်သာစေနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းတွေ သုံးကြည့်ပြီး တော်တော်ကြာတဲ့အထိကို ဝက်ခြံက ပျောက်မသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့။။
သွားရောက်ပြသကြည့်ဖို့ကို အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလိုနွေရာသီ ပူလွန်းတဲ့အချိန်မှာ ကျန်းမာလှပပြီး စိတ်အေးချမ်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
#Credit to Original Writer



