News

ကမ္ဘာ့ရွှေဈေး နှစ်ပတ်မြောက် ကျလာပေမဲ့ မြန်မာ့ရွှေဈေး မကျဘဲ အမြင့်မှာဆက်ရှိ….

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက အတိုးနှုန်း ဆက်တင်မယ့်အလားအလာ ရှိကြောင်း ပြောဆိုလာတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ

ဒေါ်လာတန်ဖိုး တက်လာပြီး ကမ္ဘာ့ရွှေဈေးကတော့ နှစ်ပတ်ဆက်တိုက် ကျဆင်းဖို့ ဦးတည်နေပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၉၅၄ ဒေါ်လာဝန်းကျင် ရှိနေပြီး အရောင်းအဝယ်လုပ်နေစဉ်အတွင်း အောက်တိုဘာ ၁၈ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါသေးတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးနှုန်းကလည်း တစ်အောင်စကို ၁၉၅၉ ဒေါ်လာ ရှိနေပြီး ဝ.၅ % ကျဆင်းနေပါတယ်။

ကမ္ဘာ့ရွှေဈေးက ဒီအပတ်ထဲမှာ ၂ % နီးပါး ကျနေပြီး တစ်လကျော်အတွင်းမှာ သီတင်းပတ်အလိုက် ရွှေဈေး အများဆုံးကျဆင်းမှု ဖြစ်နေပါတယ်။ လတ်တလောမှာ ကမ္ဘာ့ရွှေဈေး ကျနေပေမဲ့ ဒေါ်လာ ၁၉၀၀ ဈေးတန်း အပေါ် ရှိသရွေ့ နှစ်ကုန်ပိုင်းမှာ ရွှေဈေး ပြန်တက်နိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေး ပြန်အကျမှာ မြန်မာ့ရွှေဈေးက လိုက်မကျသေးဘဲ ဒီရက်ပိုင်း တက်လာတဲ့ဒေါ်လာဈေးနဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေကြောင့်လည်း ရွှေဈေး ဆက်မာနေတာလို့ ဆိုကြပါတယ်။

ဒီနေ့ ပြည်တွင်းရွှေဈေးက ၁၆ ပဲရည် အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၃၅ သိန်းပတ်လည် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးကတော့ ကျပ် ၃၃ သိန်းဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ Ref: Investing စာရေးသူ- ငွေကြယ်