ဒီအပတ်အတွင်း ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးတွေ ဆက်တိုက်နီးပါး မြင့်တက်လာပြီး မိုးတွင်းကာလတုန်းက ရောက်ရှိခဲ့တဲ့ ဈေးတန်းအမြင့်တွေနားကို တဖြည်းဖြည်း ချဉ်းကပ်လာနေပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့စနေနေ့လောက်တည်းက တစ်ကျပ်သားကို ၃၉ သိန်းဝန်းကျင်အထိ မြင့်လာပြီး ဒီအပတ်မှာ ကျပ် ၃၉ သိန်း ၃ သောင်းကျော်အထိ ဆက်တိုက် တက်လာပါတယ်။
“ဒီတစ်ပတ် တနင်္လာနေ့ ဈေးစဖွင့်ထဲက ၃၉ သိန်းနဲ့ စဖွင့်တာ။ မနေ့ကအထိပဲ။ ကျလည်း နည်းနည်းပဲကျတယ်။
ဒီမနက်အဖွင့်ဈေးက ၃၉ သိန်း ၁ သောင်းခွဲ။” လို့ ရန်ကုန်၊ ပန်းပဲတန်းက ရွှေဆိုင်ပိုင်ရှင်တဦးက ယနေ့ခေတ် သတင်းမှာ ပြောဆိုထားပါတယ်။
ဒီလ (ဖေဖော်ဝါရီ) ထဲမှာ ပြည်တွင်းရွှေဈေးဟာ အတက်အကျ ကြမ်းနေပြီး လဆန်းပိုင်းမှာ ကျပ် ၃၈ သိန်းနား အထိ ပြုတ်ကျခဲ့ရာက အခုလကုန်ပိုင်းမှာ ၃၉ သိန်းကျော်အထိ ပြန်တက်လာတာ ဖြစ်ပါတယ်
ရွှေဈေး မတည်မငြိမ် ဖြစ်နေတာကြောင့်လည်း ရွှေဆိုင်တချို့က အရောင်း ပိတ်ပြီး ပြန်ဝယ်ပေးတာမျိုးကိုသာ လုပ်နေပြီး အခေါက်ရွှေ၊ ရွှေတုံးရွှေခဲတွေကိုလည်း အရောင်းအဝယ် နားထားတယ် လို့ ဆိုပါတယ်။
ဒီအပတ်အတွင်း ရွှေဈေး တက်လာချိန်မှာ ပြည်တွင်းငွေကြေးဈေးကွက်က အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေဈေးတချို့ကလည်း သိသိသာသာ တက်ရိပ်ပြလာပါတယ်။
အရင်အပတ်တွေတုန်းက တစ်ဒေါ်လာကို ၃၅၀၀ ကျပ်ပတ်လည်သာ ရှိခဲ့ရာကနေ ဒီအပတ်မှာ ၃၆၀၀ ဝန်းကျင် ဖြစ်လာပြီး ယူရို၊ စတာလင်ပေါင်၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေလည်း အလားတူ ဈေးမြင့်လာပါတယ်။